စိုက်ပျိုးစီးပွား (Agro-based) နိုင်ငံတော်ဆီသို့ စနစ်တကျခြေလှမ်းခြင်းနှင့် အာမခံချက်ရှိသော စိုက်ပျိုးရေးစနစ် ပီပြင်စွာဖြစ်ထွန်းရေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးစီးပွား (Agro-based) နိုင်ငံတော်ဆီသို့ စနစ်တကျခြေလှမ်းခြင်းနှင့် အာမခံချက်ရှိသော စိုက်ပျိုးရေးစနစ် ပီပြင်စွာဖြစ်ထွန်းရေး


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ (Agro-based Country) တစ်ခုဖြစ်သည်နှင့်အညီ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုနှင့် နိုင်ငံတော်၏ အစားအစာလုံခြုံစိတ်ချရမှုတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် အဓိကထောက်တိုင်ကြီးအဖြစ် တည်ရှိနေပါသည်။

နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသူများ ဖြစ်ကြပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စိုက်ပျိုးစီးပွားကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ ဦးတည်ချက်များချမှတ်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် စိုက်ပျိုးရေးကဏ္ဍအထူးသဖြင့် အမျိုးသားရေးဆိုင်ရာ ပဓာနသီးနှံဖြစ်သော စပါး/ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ရေရှည်ခိုင်မာသော စီးပွားရေးအဆောက်အအုံ ဖြစ်ထွန်းလာစေရန်အတွက် “အာမခံချက်ရှိသော စိုက်ပျိုးရေးစနစ်” အရေးတကြီး လိုအပ်နေပြီဖြစ်ပါသည်။

တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက် စိုက်ပျိုးချိန်မှစ၍ သီးနှံထွက်ရှိချိန်အထိ အမျိုးမျိုးသော စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ကြရပါသည်။ ယင်းသို့ ကြုံတွေ့ရာတွင် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ ပိုးမွှားကျရောက်မှုနှင့် ဆိုင်ကလုန်းမုန်တိုင်း စသည့် မမျှော်မှန်းနိုင်သော သဘာဝဘေးများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးရခြင်း၊ စိုက်ပျိုးစရိတ်နှင့် သီးနှံဆုံးရှုံးမှု - သီးနှံများ ပျက်စီးသွားသည့်အခါ စိုက်ပျိုးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုအားလုံးဆုံးရှုံးရပြီး တောင်သူများအနေဖြင့် နာလန်ပြန်ထူရန် အလွန်ပင်ခက်ခဲလှပါသည်။

ထို့ပြင် စိုက်ပျိုးစရိတ် သုံးစွဲထားရသော်လည်း ထွက်ရှိချိန်တွင် ထိခိုက်ဆုံးရှုံးသွားပါက ကြွေးမြီထပ်မံတင်ရှိပြီး မျိုးဆက်တစ်ခုမှတစ်ခုသို့ ဆင်းရဲဒုက္ခများ လက်ဆင့်ကမ်းသွားတတ်ပါသည်။ ဤသို့သော ပျက်စီးဆုံးရှုံးမှုများမှ တောင်သူများ၏ဘဝကို အကာအကွယ်ပေးရန် သီးနှံအာမခံစနစ် (Crop Insurance System) ပါဝင်သည့် အာမခံချက်ရှိသော စိုက်ပျိုးရေးစနစ် ပေါ်ထွန်းလာရေးသည် မဖြစ်မနေ လိုအပ်လျက်ရှိပါသည်။

သီးနှံဈေးကစားမှုများနှင့် Warehouse Receipt Financing စနစ်၏ အရေးပါပုံအား တင်ပြရမည်ဆိုပါက စိုက်ပျိုးချိန်တွင် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည့်တိုင် သီးနှံပေါ်ချိန် ရောက်ရှိပါက သီးနှံဈေးကစားမှုများနှင့် ရင်ဆိုင်ရပြန်သည်။ သီးနှံများတစ်ပြိုင်နက်တည်း ထွက်ရှိချိန်တွင် ကုန်သည်များနှင့် ပွဲစားများ၏ ဈေးကွက်ကစားမှုကြောင့် ဈေးနှုန်းကျဆင်းခြင်း၊ တောင်သူအများစု စိုက်ပျိုးစရိတ်ကြွေးမြီ ပေးဆပ်ရန်နှင့် လူမှုစီးပွားလိုအပ်ချက်များကြောင့် ထွက်ရှိလာသော စပါးများ ကို ဈေးနည်းနည်းဖြင့် ချက်ချင်းရောင်းချလိုက်ရခြင်း၊ အမြတ်အစွန်းနည်းပါးခြင်း၊ ရိတ်သိမ်းချိန်လွန်မှ ဈေးနှုန်းမြင့်တက်သွားသော်လည်း ထိုအကျိုး အမြတ်သည် တောင်သူများထံ မရောက်ရှိဘဲပွဲစားနှင့် ကုန်သည်များထံသို့သာ ရောက်ရှိသွားသဖြင့် တောင်သူများသည် ဆင်းရဲသည့်အခြေအနေမှ မရုန်းထွက်နိုင်ဖြစ်နေကြရပါသည်။ ဤကဲ့သို့ အခက်အခဲအား ဖြေရှင်းရန်အတွက် Warehouse Receipt Financing (ဂိုဒေါင်ပြပြေစာ အပေါင်ခံချေးငွေစနစ်)ကို အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

Warehouse Receipt Financing စနစ် ဆိုသည်မှာ တောင်သူများက ထွက်ရှိလာသော သီးနှံများကို စနစ်တကျအသိအမှတ်ပြုထားသော ဂိုဒေါင်များတွင် သိုလှောင်ထားပြီး ရရှိလာသည့် ဂိုဒေါင်ပြ ပြေစာကို အာမခံထား၍ ဘဏ်/ ဘဏ္ဍာရေးအဖွဲ့ အစည်းများထံမှ လိုအပ်သောငွေကြေးကို အတိုးနှုန်း သက်သာစွာဖြင့် ချေးယူနိုင်သော စနစ်ဖြစ်ပါသည်။ အဆိုပါစနစ်ပေါ်ထွန်းလာပါက တောင်သူများသည် သီးနှံပေါ်ချိန်တွင် ဈေးနှိမ်၍ အလျင်စလို ရောင်းချရန်မလိုတော့ဘဲ ဈေးကွက်တည်ငြိမ်ပြီး အကျိုးအမြတ်ကောင်းမွန်သည့် အချိန်မှသာ သီးနှံများကို ထုတ်ယူရောင်းချနိုင်မည်ဖြစ်ပါသည်။

ဆက်လက်၍ စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသူထံ ရောက်ရှိသည်အထိ လမ်းကြောင်းတစ်ခုလုံးကို စနစ်တကျချိတ်ဆက်ပေးနိုင်သည့် ကုန်စည်စီးဆင်းမှု ကွင်းဆက်ကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် တောင်သူနှင့် စားသုံးသူ/ အဓိက ဝယ်ယူသူများအကြား ပွဲစားအဆင့်ဆင့် အဆင့်များပြားလွန်းသဖြင့် တောင်သူက ဈေးနည်းနည်းရရှိပြီး စားသုံးသူကဈေးကြီးကြီး ပေးဝယ်နေရပါသည်။ သို့ဖြစ်ရာ တိုက်ရိုက်ဈေးကွက်ရရှိရေး၊ ဂိုဒေါင်များတွင် သိုလှောင်ထားစဉ်ကာလအတွင်း ကုန်စည်များကို စက်ရုံများ၊ ပြည်ပတင်ပို့သူများနှင့် စားသုံးသူ ဈေးကွက်များသို့ တိုက်ရိုက်ချိတ်ဆက်ရောင်းချနိုင် မည့် အခွင့်အလမ်းကို တည်ဆောက်ပေးရမည် ဖြစ်ပါသည်။

သို့မှသာ စနစ်တကျသိုလှောင်ခြင်း၊ အဆင့်အတန်းခွဲခြားခြင်းနှင့် အစိုဓာတ်ထိန်းသိမ်းခြင်း စသည်တို့ ဆောင်ရွက်နိုင်သဖြင့် သီးနှံအရည်အသွေး ကောင်းမွန်ကာဈေးကွက်တွင် ပိုမိုမြင့်မားသော တန်ဖိုးကို ရရှိမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ကြီးမားကျယ်ပြန့်သောစနစ်များ အကောင်အထည်ပေါ်လာ ရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်၍ သက်ဆိုင်ရာ ကဏ္ဍစုံပါဝင်သော “အာမခံချက်ရှိသော စိုက်ပျိုးရေးစနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

ဦးဆောင်အဖွဲ့တွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်သင့်ပြီး အစိုးရဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးရေး ဘဏ်၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် အသေးစားငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားအဖွဲ့အစည်းများ၊ တောင်သူလယ်သမား ဘဝမြှင့်တင်ရေးအသင်းအပါအဝင် ကိုယ်စားပြုအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် ဥပဒေပညာရှင်များ ပူးပေါင်း ပါဝင်သင့်ပါသည်။

အထက်ပါစနစ်များ အမှန်တကယ်သက်ဝင်လှုပ်ရှား စနစ်တကျလည်ပတ်နိုင်ရန်အတွက် ခိုင်မာသော ဥပဒေနှင့် နည်းဥပဒေမူဘောင်များ ပြဋ္ဌာန်းပေးရန် အရေးကြီးလှပါသည်။

ထို့ပြင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် သီးနှံများအတွက် အာမခံလျော်ကြေးရရှိနိုင်ရေး၊ သီးနှံ အာမခံစနစ်ကို တရားဝင်အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ အမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ အပ်ကုန်စနစ်နှင့် ဘဏ္ဍာရေးစနစ်ဥပဒေ၊ ဂိုဒေါင်ပြပြေစာများ၏ တရားဝင်ခိုင်မာမှု၊ သိုလှောင်ရုံများ၏ စံချိန်စံညွှန်းအသိအမှတ်ပြုမှု၊ တောင်သူများနှင့် ဘဏ်များအကြား ချေးငွေအာမခံချက်ပေးနိုင်မည့် ဥပဒေနှင့်နည်းဥပဒေများ ပြဋ္ဌာန်းရေး၊ ဘဏ်များကရင်းနှီးမတည်ငွေ စိုက်ထုတ်ပေးခြင်း၊ အာမခံကုမ္ပဏီများက သဘာဝဘေးနှင့် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ကို အာမခံပေးခြင်း စသည့် Win-Win Situation စနစ်ကိုတည်ဆောက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍသို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမည်ဖြစ်ပါသည်။

ယင်းဖြစ်စဉ်အား ခြုံငုံသုံးသပ်ရပါက နိုင်ငံတော်မှ ရည်မှန်းဆောင်ရွက်နေသော Agro-based Country (စိုက်ပျိုးရေးကို အခြေခံသော ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ) ဖြစ်လာစေရန်ဆိုသည်မှာ တောင်သူများ၏ လက်ဝယ်တွင် အမြတ်အစွန်းကျန်ရှိပြီး စိုက်ပျိုးရေးသည် အာမခံချက်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အားကောင်းလာမှသာလျှင် အကောင်အထည်ပေါ် လာမည်ဖြစ်ပါသည်။

တောင်သူများ၏ အနာဂတ်စီးပွားဖွံ့ဖြိုးမှုအတွက် သီးနှံအာမခံစနစ်၊ Warehouse Receipt Financing စနစ်နှင့်ခိုင်မာသော Supply Chain စနစ်တို့ကို ဥပဒေအကာအကွယ်ပေး၍ ပူးပေါင်းဆောင် ရွက်သွားမည်ဆိုပါက တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံတော်၏ အခြေခံစီးပွားရေးမဏ္ဍိုင်သည်လည်း ရေရှည်ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော် ရေးသားအပ်ပါသည်။ ။


သက်ဇော်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)