အောက်တိုဘာ - ၁၆ ( သောကြာနေ့ )
သတင်းထောက်တွေကို လျို့ဝှက်သတင်းအချက်အလက်တွေ ပေါက်ကြားပေးတဲ့ အစိုးရဝန်ထမ်းတွေဟာ သေဒဏ်ပေးခံရသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အရီဇိုးနားပြည်နယ်၊ ဘူလ်ဟက်စီးတီး မှာ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ ထရမ့်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး၊ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ အီရန်နိုင်ငံအပေါ် လေကြောင်းကနေ တိုက်ခိုက်ဖို့ လုပ်ဆောင်ရာမှာ ဗုံးကြဲလေယာဉ်တွေ ထွက်ခွာမယ့်အချိန်နဲ့ ရောက်ရှိမယ့်အချိန်တွေကို နယူးယောက်ခ်တိုင်းမ် နဲ့ စီအန်အန် အပါအဝင် သတင်းဌာနတွေဆီ ပေါက်ကြားသွားခဲ့တာကြောင့် တိုက်ခိုက်မှုကို ရွှေ့ဆိုင်းခဲ့ရဖူးတဲ့ အဖြစ်အပျက်ကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။
ထရမ့်ဟာ ဘယ်စစ်ဆင်ရေးကို ရည်ညွှန်းပြောဆိုနေတယ်ဆိုတာ ချက်ချင်းမသိရသေးပေမဲ့ မီဒီယာ အများစုကတော့ ဒါဟာ ပြီးခဲ့တဲ့နှစ်က အီရန်ရဲ့ မြေအောက်နူကလီးယား စက်ရုံတွေကို ပစ်မှတ်ထား ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို ရည်ညွှန်းပြောဆိုနေတာဖြစ်မယ်လို့ ခန့်မှန်းပြောဆိုနေ ကြပါတယ်။
"ဘယ်သူကမှန်းမသိဘူး ပေါက်ကြားသွားတယ် - သောက်ကျိုးနည်း လူရှုတ်တစ်ကောင်ပေါ့" လို့ ထရမ့်က ပြောကြားခဲ့ပြီး "သူတို့အနေနဲ့ ထောင်ကျသင့်သလို ပစ်သတ်ခံရမှာပေါ့" လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ "အရင်တုန်းကဆိုရင် သတင်းပေါက်ကြားသူတွေကို သေနတ်နဲ့ ပစ်သတ် လိုက်ကြတာပဲ... [အထူးသဖြင့်] ဘယ်အချိန်မှာ နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်မယ်ဆိုတာကို ပေါက်ကြားစေတဲ့အခါမျိုးတွေမှာပေါ့" လို့ သူက ဆိုပါတယ်။ "ဒီလိုသတင်းပေါက်ကြားသူတွေဆိုတာ ကမ္ဘာပေါ်က အမှိုက်သရိုက်တွေပါပဲ" လို့ ထရမ့်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေး လှုပ်ရှားမှု တွေ စတင်ချိန်ကတည်းက သတင်းဌာနတွေကို သတင်းပေါက်ကြားပေးနေတဲ့ အစိုးရအရာရှိ တွေနဲ့ အဲဒီလို သတင်းတွေကို ဖော်ပြနေတဲ့ မီဒီယာတွေကို ရီပတ်ဘလစ်ကန် ခေါင်းဆောင်က အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။
"သတင်းဆက်ထုတ်နေကြပေရော့ဟေ့ သစ္စာဖောက်ခွေးတွေ! မင်းတို့ကို တွေ့သွားပြီဆိုရင်တော့ တော်တော်ကြီးပေးဆပ်ရလိမ့်မယ်" လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့လက ထရုသ်ဆိုရှယ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။ ဒါဟာ တီဟီရန်မြို့ကို မတိုက်ခိုက်ဖို့ သူ့ရဲ့ လက်ထောက်အချို့က အကြံပြုတားမြစ်ခဲ့တယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်ကို တုံ့ပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အမေရိကန်သမ္မတဟာ သတင်းပေါက်ကြားသူတွေဟာ "နိုင်ငံတော်ကို သစ္စာဖောက်တဲ့ စကားတွေ" ပြောဆိုနေကြတယ်လို့ စွပ်စွဲခဲ့ပြီး၊ သူတို့ကို "လိုက်လံဖမ်းဆီးနေပြီ" ဖြစ်သလို "ရေရှည်ထောင်ဒဏ်တွေ ချမှတ်ဖို့ ဆောင်ရွက်သွားမှာပါ" လို့လည်း ပြောကြားခဲ့ဖူးပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment