တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်







နေပြည်တော်၊ အောက်တိုဘာ ၂၀

NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ၎င်းတို့ အလိုကျဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်မှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး ( Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့၏ အကျိုး စီးပွားအတွက် မြို့/ရွာ/ဒေသအချို့ကို ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် ကာဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် အခြေပြု၍ ခံစစ်စခန်းများ တည်ဆောက်ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ၎င်းတို့အလိုမကျပါက သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည့်အတွက် ဒေသခံများအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများဖြစ်ပေါ်ကာ စားရေရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံးပစ္စည်းများ မရောက်ရှိတော့ခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်ပြီး ကုန်ချောများလည်း ဈေးကွက်သို့ မရောက်ရှိ တော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ ချွတ်ခြုံ ကျဆင်းလာသည့် အပြင် အကြမ်းဖက်သမားများ၏ အနိုင်ကျင့်နှိပ်စက်မှုများကိုလည်း ခါးသီး စွာခံစားရလျက် ရှိသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူလုထုအတွက် အဓိကအရေးပါ သော အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်း များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း - ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း-မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ကိုလည်း ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် အပြည့်အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်စည်စီးဆင်း ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများ၏လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက် လျက်ရှိသည်။

ဆက်လက်၍ အင်းတော်- ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြု၍ ခံစစ်စခန်းငယ်များ ဆောက်လုပ်ကာ ခရီးသွားပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်နေသော အကြမ်းဖက်သောင်းကျန်းသူ များ၏ အခြေပြုစခန်းများအား ရှင်းလင်းနိုင်ရေး တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့တွင် စနစ်တကျစုဖွဲ့ကာ စစ်ကြောင်းများခွဲပြီး ဟန်ချက်ညီညီ ချီတက်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၅ရက်တွင် လယ်နောင်ကျေးရွာနှင့် ကမ်းနီကျေးရွာ တို့အားလည်းကောင်း၊ အောက်တိုဘာလ ၉ရက်နေ့တွင် ပင့်သချေ ကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနှင့် နန့်သဲကျေးရွာတို့အား လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျောက်တော ကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်း (၁)ခုနှင့် ကြိမ်ချောင်းကျေးရွာ တို့အားလည်းကောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ တွင်ပိန်းအင်း ကျေးရွာအား လည်းကောင်း၊ အောက်တို ဘာလ ၁၄ ရက်နေ့တွင် ဆင်ကုန်း ကျေးရွာအား လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက် နေ့တွင် ညောင်ကိုင်းကျေးရွာနှင့် ထန်းတပင် ကျေးရွာတို့အား လည်းကောင်း၊ အောက်တို ဘာလ ၁၈ ရက်နေ့တွင် နမ်းခမ်းကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မအူကုန်းကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းပေါ်ရှိ ကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ် လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၈ လောင်း၊ လက်နက် မျိုးစုံ ၁၉ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသတစ်ဝိုက်အား ဆက်သွယ်ရေးမြောင်းများတူးကာ ယာယီစိုးမိုးထားစဉ်အတွင်း ကျေးရွာများအတွင်း ပြည်သူလူထုနေအိမ်များနှင့် ခြံစည်းရိုးများတွင် ဘန်ကာများပြုလုပ်ကာ အခိုင်အမာခံ စစ်ဆင်၍ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ထို့ပြင် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့၍ အဆိုပါ လမ်းကြောင်း ပေါ်၌ သွားလာလျက်ရှိသော ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း များကို လုပ်ဆောင်ခဲ့ကြရာ ဒေသတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ကုန်ဈေး နှုန်းများ ကြီးမြင့်ကာ ပြည်သူလူထုအနေဖြင့်လည်း လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ပါးခဲ့ရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် အတွက် လိုအပ်သည်များကို ပြည်သူလူထုနှင့် လက်တွဲ၍ ဆက်လက်ဖော်ဆောင် ပေးသွား မည်ဖြစ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)