ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားစီရင်ရေးမဏ္ဍိုင်တွင် ပါဝင်ဆောင်ရွက်နေကြသူ များအနေဖြင့် လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး (၃) ရပ်ရှိသည့်အနက် မိမိတို့လွှတ်တော်သည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးကြောင်း၊ မိမိတို့လွှတ်တော်များသည် တည်ဆဲဥပဒေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ လိုအပ်ပါက ဥပဒေအသစ်များပြဋ္ဌာန်းခြင်းဖြင့် ဥပဒေပြုတာဝန်ကို လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏အသံကို မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုခြင်းတာဝန်ကိုလည်း ကောင်း၊ အခြားမဏ္ဍိုင်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူနှင့်အစိုးရကြား ပေါင်းကူးပေးရသည့် တာဝန်ကိုလည်းကောင်း ထမ်းဆောင်လျက်ရှိပြီး အဆိုပါတာဝန်များကို မိမိတို့လွှတ်တော်တွင် ဖွဲ့စည်းထားသည့်ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကော်မတီများသည် လွှတ်တော်၏ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ တည်ဆဲဥပဒေများကို လိုအပ်ပါက ပြင်ဆင်၊ ဖြည့်စွက် နိုင်ရေး စိစစ်လေ့လာလျက်ရှိကြောင်း၊ ယခုတက်ရောက်လာသူများသည် ဥပဒေများနှင့် ရင်းနှီး ကျွမ်းဝင်သူများဖြစ်၍ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံဉာဏ်များ ပြုနိုင်ကြောင်း၊ မိမိ တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း စွမ်းရည်မြင့်မားပြီး ပြည်သူကိုဗဟိုပြုသော ခေတ်မီ လွှတ်တော်တစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကို ပြည်သူများ ပိုမိုသိရှိပြီး အားကိုးအားထားပြုသည့် မဏ္ဍိုင်ဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ယနေ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူများ၏ အသံနှင့် ဆန္ဒများနှင့်စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းဆောင်ရွက်နေမှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရသည့်အတွက် လွှတ်တော်သည် ပြည်သူနှင့် တစ်သားတည်းရှိသည်ကို တွေ့ရှိရသဖြင့် အားရကျေနပ်မိပါကြောင်း၊ ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီနည်းလမ်းကျစွာ ဆောင်ရွက်နေမှုများသည် အရွေ့တစ်ခုသို့ ရောက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ လွှတ်တော်သည် ပြည်သူများအတွက် အရေးကြီးသည့်မဏ္ဍိုင်တစ်ခုဖြစ်ပြီး လာရောက်လေ့လာ သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)