နေပြည်တော်၊ အောက်တိုဘာ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဒေသဆိုင်ရာ အချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း မြေအသုံးချမှုနှင့် မိုးရွာသွန်းမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှုအခြေအနေများ၊ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ခရီစဉ်လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိမှု၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာစေရေး သုတေသနစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆီကြမ်းထွက်ရှိမှုနှင့် ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီချောစက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆီအုန်းစိုက်ပျိုးမှုမှ ဒေသဝင်ငွေရရှိမှု၊ ရာဘာ၊ ကော်ဖီ၊ ကိုကိုးပင်များစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးရေထွက်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် တင်ပို့နိုင်မှု၊ ပုစွန်သားဖောက်စခန်းတည်ဆောက်နေမှု၊ ပုလဲ၊ မုတ်ခွံ မွေးမြူထုတ်လုပ်နိုင်မှု၊ နှစ်အလိုက်အိမ်မွေးငှက်သိုက်ထုတ်လုပ်မှုနှင့် အခွန်ကောက်ခံရရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများ မြင့်မားတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရာဘာမှ လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များက တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားအပန်းဖြေဧည့်သည်များ ပိုမိုအဆင်ပြေစွာ အများအပြားလာရောက်လည်ပတ်နိုင်ရေးနှင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးတို့ကို အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြေးဆွဲနေသည့်လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများ ဖြေလျော့ပေးစေလိုမှု၊ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြိတ်ဒေသသို့ရောက်ရှိစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့၊ မြို့မအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်း၊ မြိတ်လေယာဉ်ကွင်းအဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ မြိတ်ပြည်သူ့ဆေးရုံအား ခုတင် ၃၀၀ ဆန့်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့မှုများအတွက် ဒေသခံများအားလုံးအနေဖြင့် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိမှု၊ ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြိတ်မြို့ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှု၊ လေယာဉ်ကွင်းအဆင့်မြှင့်တင်ခြင်းပြီးစီးပါက ဒေသထွက်တန်ဖိုးမြင့်ရေထွက်ပစ္စည်း ထုတ်ကုန်များအား ကုန်တင်လေယာဉ်များဖြင့် ပြည်ပနိုင်ငံဈေးကွက်များသို့တင်ပို့နိုင်ရေး ဆက်သွယ်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းထွက်ရှိသည့် သဘာဝငှက်သိုက်ထုတ်ကုန်များအား အသေးစားလုပ်ငန်းများဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းမှထွက်ရှိသည့်ရာဘာကုန်ကြမ်းများကိုအသုံးပြု၍ ရာဘာလက်အိတ်များအပါအဝင် အခြားတန်ဖိုးမြင့်ရာဘာထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေရရှိရေး နိုင်ငံတော်မှကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းလိုအပ်သည့် လူသုံးကုန်ပစ္စည်းများအား ဒေသတွင်း၌ပင် ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် စက်ကိရိယာများဝယ်ယူရန်နှင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန် ချေးငွေရရှိလိုမှု၊ တိုင်းဒေသကြီးအတွင်း ရေထုတ်ကုန်ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးနိုင်ရေး၊ အခြေခံလူတန်းစားရေလုပ်သားတို့၏ မိသားစုရပ်တည်မှု အဆင်ပြေစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များ၊ မူဝါဒနှင့် ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ပြည်တွင်းစားသုံးဆီဖူလုံမှုကို အထောက်အပံ့ဖြစ်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုနှင့် အခြားဒေသဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲစေလျက်ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေနှင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှုအတွက် ကုန်ကျစရိတ်တို့အပေါ် မူတည်တွက်ချက်၍ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး သင့်လျော်သည့်နှုန်းထားရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ ထားဝယ်ဒေသသို့ ရက်သတ္တပတ်တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၇ ခေါက်ပြေးဆွဲပေးလျက်ရှိမှုနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ လေဆိပ်အဆင့်မြှင့်တင်ခြင်းနှင့် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အဆင်ပြေချောမွေ့လာနိုင်မည့် အခြေအနေများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော် ဆောင်လျက်ရှိမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်မည့် ဒေသဖွံ့ဖြိုးတိုးတက်လာနိုင်မည့်အခွင့်အလမ်းများ၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့လာစေရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် သဘာဝငှက်သိုက် ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စနစ်ကျသည့် ထုတ်လုပ်မှုဖြစ်စေရေး ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ဈေးကွက်ကျယ်ကျယ်ပြန်ပြန့်ရရှိရေးနှင့် ချေးငွေများရရှိရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ မူဝါဒသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုအပ်မှု၊ တိုင်းဒေသကြီးအတွင်း မြေယာအသုံးချမှုများနှင့်ပတ်သက်၍ ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစားအလိုက် စနစ်တကျနှင့် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန် လိုအပ်သည့်အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ကြွယ်ဝစွာတည်ရှိနေသည့် စွမ်းအင်အရင်းအမြစ်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များထုတ်ယူသုံးစွဲ၍ ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိဆောင်ရွက်သွားနိုင်သည့်အခြေအနေများ၊ ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် MSME ပြပွဲများကျင်းပ၍ ထုတ်ကုန်ပစ္စည်းများဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ တန်ဖိုးမြင့်ရာဘာထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်နိုင်ရေး လိုအပ်သည်များကို ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှဦးဆောင်၍ အားပေးဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုနှင့် ပညာရေးအရပြုပြင်ပြောင်းလဲမှုများ မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်မှု
ထို့နောက် နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူရပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်ပတ်လုံး မိုးရေချိန်ကောင်းမွန်စွာရရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသ၏ရေခံမြေခံကောင်းများ၊ ပိုင်ဆိုင်ထားရှိသည့်အရင်းအမြစ်များ၊ အခြေခံအချက်အလက်များအပေါ်မူတည်၍ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရေခံမြေခံနှင့် အရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သော်လည်း နိုင်ငံရေးအရလှုံ့ဆော်သွေးထိုးမှုများကြောင့် အချို့သောနေရာများ၌ လုံခြုံရေးအရအားနည်းချက်များနှင့် မငြိမ်မသက်မှုများဖြစ်ပေါ်လျက်ရှိကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ဒေသနှင့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် နိုင်ငံရေးအရအမြတ်ထုတ်အသုံးချနေကြသည့် ပြည်ဖျက်မီဒီယာများ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏စကားများကို နားယောင်ကာ အကောင်းအဆိုးနှင့် အကြောင်းအကျိုးကို ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မှုမရှိခြင်းသည် ပညာရေးအရ အားနည်းချက်များရှိခဲ့ခြင်း၏ အကျိုးဆက်ပင်ဖြစ်ကြောင်း။
နိုင်ငံသားတစ်ဦးချင်းစီ၏ အတန်းပညာများမြင့်မားလာမှသာ အသိပညာ၊ ခံယူချက်၊ ယုံကြည်မှုစိတ်ဓာတ်နှင့် စည်းကမ်းများ ကောင်းမွန်လာမည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုများ မှန်ကန်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၌လည်း နိုင်ငံရေးအရ သဘောထားတိုက်ဆိုင်မှုမရှိခြင်းများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လေ့ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သော်လည်း နိုင်ငံ၏အနာဂတ်ကို ထိခိုက်ပျက်စီးစေမည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်အကျိုးစီးပွားများနှင့် အခြေခံအရင်းအမြစ်များကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်ကြခြင်းများမရှိကြကြောင်း၊ ပညာတတ်များဖြစ်မှသာလျှင် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏ အကျိုးစီးပွားကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပညာရေးအရ ပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် နိုင်ငံရေးစနစ်အမျိုးမျိုးကိုပြောင်းလဲကျင့်သုံးခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ခေတ်စနစ်များအလိုက် ကောင်းမွန်သည်များရှိခဲ့သကဲ့သို့ အားနည်းချက်များလည်း ရှိခဲ့ကြကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒနှင့်အညီ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီအစိုးရသစ်ထွက်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ဒီမိုကရေစီဒုတိယအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မည်သို့မျှလက်ခံ၍မရနိုင်သည့် မဲမသမာမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်က နိုင်ငံတော်တွင်တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အတွက် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ကြရကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အားပေးထောက်ပံ့မှုဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်လာခဲ့ပြီး အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ဆောင်ရွက်ကာ တိုင်းပြည်ကိုဖျက်ဆီးလာခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ နိုင်ငံရေးအရ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ စသည့် အခက်အခဲ၊ အကြပ်အတည်းမျိုးစုံကို ရနိုင်သမျှသော အင်အားစုများ၊ တာဝန်သိပြည်သူများနှင့် သစ္စာရှိဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြိုးစားရုန်းကန်၍ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း။
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သည့်အခွင့်အလမ်းနှင့် အရင်းအမြစ်များ များစွာရှိပြီးဖြစ်ကြောင်း၊ ဆီအုန်း၊ ရာဘာ၊ ဒူးရင်း စသည့်နှစ်ရှည်ပင်များအနေဖြင့် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းပြီး စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက်စေရေး စိုက်ပျိုးရေးသုတေသနများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် ကိုကိုးပင်များကိုလည်း နှစ်ရှည်သီးနှံပင်များနှင့်တွဲ၍ တိုးချဲ့စိုက်ပျိုးသွားကြခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဒေသဝမ်းစာဖူလုံကိုက်ညီမှုရှိအောင် မွေးမြူထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါး ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်မွေးမြူကြမည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုနှင့်စားသုံးမှုများ မျှတအောင်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝများတိုးတက်လာအောင် ဖော်ဆောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက ဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတတ်ပညာ၊ အသိပညာများ ကြွယ်ဝစေရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာစေရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ GDP တိုးတက်လာစေရေး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်အတူ ခရီးသည်နှင့်လေယာဉ် ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်မည်ဖြစ်သဖြင့် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာစေနိုင်မည်ဖြစ်ကြောင်း၊ ရေး-ထားဝယ် ရထားလမ်းသစ် ဖောက်လုပ်ရာတွင်လည်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ ၂ လမ်းသွားဖြင့်ဖောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ခရီးသွားလာမှုများနှင့် ကုန်စည်ကူးသန်းသွားလာမှုများ ပိုမိုတိုးတက်များပြားလာစေနိုင်မည်ဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သဘာဝမှပေးထားသည့် သာယာလှပသည့်ကမ်းခြေများ၊ ကျွန်းစုများ၊ ခရီးသွားအရင်းအမြစ်များ၊ လည်ပတ်ရန်ခရီးစဉ်နေရာများအပြင် ဒေသသာယာလှပရေး၊ စည်းကမ်းစနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက်လည်း ဒေသနေပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီအလိုက်၊ မိသားစုတစ်စုချင်းစီအလိုက်၊ ရပ်ကွက်၊ ကျေးရွာများ၊ မြို့များအလိုက် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာကြမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြမည်၊ ထုတ်ပြန်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာကြမည်ဆိုပါက မိမိတို့ဒေသနှင့် မြို့သာယာလှပမှုသည်လည်း ကောင်းမွန်နေမည်ဖြစ်ကြောင်း။
ထို့အပြင် ရှေးယခင်ကတည်းကတည်ရှိခဲ့သည့် ထားဝယ်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာတူရိယာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းရန်လိုသကဲ့သို့ ပြန်လည်ထုတ်ဖော်ပြသသွားရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု၊ မိမိတို့ဒေသ၏ယဉ်ကျေးမှုကို နိုင်ငံတွင်းနေထိုင်ကြသူများ၊ ဒေသတွင်းနေထိုင်ကြသူများ ကိုယ်တိုင်မြတ်မြတ်နိုးနိုးတန်ဖိုးထား ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရေး မြို့မိမြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်ဦးရွက်ပြု၍ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့၏အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများကို အစဉ်အဆက် ထိန်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “အားလုံးက မြန်မာ” ဟူသည့် စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများ၊ အခွင့်အလမ်းကောင်းများ၊ အရင်းအမြစ်များ ပေါကြွယ်ဝစွာရှိပြီးဖြစ်သဖြင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးခြင်း၊ အမှန်တကယ်အလုပ်လုပ်ကိုင်ကြခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်ဖြစ်ပေါ်နေသည့် နည်းပညာများကိုအသုံးချ၍ ဒေသတွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ပြီး ပြခန်းအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင်လည်း ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar







No comments:
Post a Comment