နေပြည်တော်၊ အောက်တိုဘာ ၃၀
သင်တန်းဆင်းမောင်မယ်များအနေဖြင့် တာဝန်ကျရာ ဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ယမန်နေ့က စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၈)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲတွင် သင်တန်းဆင်းလူငယ်များကို မှာကြားသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ပညာရေးတာဝန်များကို ထမ်းဆောင်သည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိကာ မိမိတို့ တာဝန်ကျရာ ဒေသများရှိ တိုင်းရင်းသားလူငယ်များကို အနာဂတ် နိုင်ငံ့တာဝန်များ ထမ်းဆောင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာဘာသာ ထူးချွန်ဆု၊ စာပေဘာသာထူးချွန်ဆု(ဝိပ္ပံဘွဲ့) ဆုရကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက စာပေဘာသာထူးချွန်ဆု(သိပ္ပံဘွဲ့)၊ စာပေဘာသာထူးချွန်ဆု (ဝိဇ္ဇာဘွဲ့) ကျောင်းသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက တိုင်းရင်းသားဘာသာစာပေနှင့် ယဉ်ကျေးမှုထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာထူးချွန်ဆုရ ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကြပြီး တိုင်းပညာရေးမှူးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၁၈၁ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင် ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ THEATRE ခန်းမ၌ အောက်တိုဘာကျောင်းပိတ်ရက် လေ့ကျင့်ရေးကာလအတွင်း ကျောင်းသား ကျောင်းသူများ၏ အထွေထွေဗဟုသုတ ယှဉ်ပြိုင်နေမှု၊ တက္ကသိုလ်စာကြည့်တိုက် အကြီးစားပြင်ဆင်နေမှု၊ သက်သာချောင်ချိရေး အရောင်းဆိုင်၊ မွေးမြူရေး အစာစပ်စက်ရုံ၊ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူများ လေ့ကျင့်နေမှု၊ ဥစားကြက်၊ အသားစားကြက်၊ ဝက်မွေးမြူရေးနှင့် ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာရပ်များ တတ်မြောက်စေပြီး ၎င်းတို့၏ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment