အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တွေရဲ့ကူဝိတ်က စစ်စခန်းကို စွန့်ခွာခဲ့ရတယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တွေရဲ့ကူဝိတ်က စစ်စခန်းကို စွန့်ခွာခဲ့ရတယ်လို့ ဆို


အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ ) 

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်စဖြစ်တဲ့ ကာလအတွင်းမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကူဝိတ်မှာရှိတဲ့ အမေရိကန်ရဲ့ အဓိက စစ်စခန်းကြီးတစ်ခုက အမေရိကန်တပ်ဖွဲ့ဝင်တွေ တကယ်ပဲ စခန်းစွန့်ခွာခဲ့ရတယ်လို့ CBS News က ရရှိထားတဲ့ ရုပ်သံမှတ်တမ်းအသစ်တွေနဲ့ အမေရိကန် စစ်သည်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တာဂွန် ရဲ့ တင်းကြပ်ထားတဲ့ မီဒီယာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အမေရိကန်စစ်သည်တွေ မျှဝေခဲ့တဲ့ ဗီဒီယိုတွေထဲမှာ ဒရုန်းအများအပြားဟာ အီရတ်နယ်စပ်နဲ့ ၄၀ ကီလိုမီတာလောက်ပဲ ဝေးတဲ့ အမေရိကန် ကြည်းတပ်ရဲ့ အဓိက အခြေစိုက်စခန်းဖြစ်တဲ့ ကမ့်ဘျူးရင်း ပေါ်ကို ထိုးစိုက်ဆင်းသွားတာတွေကိုရော၊ အဆောက်အအုံတွေနဲ့ စစ်ရေးကိရိယာတွေ ပျက်စီးသွားတာ တွေကိုပါ တွေ့ရပါတယ်။ ဒီမှတ်တမ်းတွေကို အချက်အလက် တွေ၊ နောက်ဆက်တွဲ ပျက်စီးမှု ဓာတ်ပုံ ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမှန်တကယ် ဖြစ်ပျက်ခဲ့တာ ဟုတ်မဟုတ် အတည်ပြုထားတယ်လို့ CBS က ပြောပါတယ်။

ဒီစခန်းဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်ရဲ့ ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ထပ်ခါတလဲလဲ တိုက်ခိုက်တာကို ခံခဲ့ရတာပါ။ အမေရိကန် စစ်သည်တစ်ဦးကဆိုရင် အီရန်ရဲ့ F-5 တိုက်လေယာဉ်တွေဟာ စခန်းပေါ်ကို ခပ်နိမ့်နိမ့် ပျံသန်းတိုက်ခိုက်ခဲ့ကြလို့ "သူတို့ လေသူရဲဆောင်း ဦးထုပ်တွေကိုတောင် မြင်ရတဲ့အထိ နီးကပ်လွန်းခဲ့တယ်" လို့ CBS ကို ပြောပြခဲ့ပါတယ်။

အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှုတွေ ခံရနိုင်တဲ့ ပစ်မှတ် စခန်းဟောင်းတွေကနေ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းဖို့ ပင်တာဂွန် က "Get off the X" လို့ အမည်ပေးထားတဲ့ မဟာဗျူဟာအတိုင်း လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း ကမ့်ဘျူးရင်း စခန်းမှာ အခြေစိုက်ထားတဲ့ တပ်ဖွဲ့ဝင် ၇,၀၀၀ နီးပါးထဲက အများစုဟာ စစ်ပွဲမစတင်မီ ကတည်းက တခြားနေရာတွေကို ခွဲဖြန့်ပြီး ရွှေ့ပြောင်းပြီးသား ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ စခန်းကို ကာကွယ်ဖို့အတွက် စစ်သည် ၁၀၀ လောက် ကျန်ရစ်ခဲ့ရပြီး၊ သူတို့ဟာ ဗုံးခိုကျင်းတွေထဲ ခဏခဏ ဝင်ပုန်းခဲ့ရသလို ပီထရော့ ဒုံးကျည် ပစ်လွှတ်စနစ်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေလည်း အတော်လေး ပြတ်လပ်သွားခဲ့ပါတယ်။ စစ်သည်တစ်ဦးက "သူတို့ တော်တော် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ။ အခြေအနေက တကယ်ဆိုးရွားခဲ့ပြီး နောက်ဆုံးတော့ စခန်းကို စွန့်ခွာခဲ့ရတယ်" လို့ ပြောပြပါတယ်။

ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေဟာ နောက်ဆုံးမှာ စခန်းကနေ ဆုတ်ခွာခဲ့ရပြီး ကူဝိတ်သဲကန္တာရထဲမှာပဲ ယာယီ ရှေ့တန်းအခြေစိုက် စခန်းငယ်လေးတွေ ဆောက်ပြီး သီတင်းပတ်ပေါင်းများစွာ နေထိုင်ခဲ့ကြရပါတယ်။ အမေရိကန် စစ်သည်တစ်ဦးမှ သေဆုံးမှု မရှိခဲ့ပေမဲ့ သဲမုန်တိုင်းကျချိန် မိုးကြိုးပစ်ခံရလို့ ဒဏ်ရာရသွားတဲ့ စစ်သည်နှစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ အချို့တော့ ရှိခဲ့ပါတယ်။

စစ်သည်တစ်ဦးက "CBKU စခန်းကတော့ လုံးဝ ပျက်စီးသွားပြီ။ ဒါကို သေချာ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ ငါတို့ကို စစ်ကူပေးဖို့ ဘာလို့ ဘယ်သူမှ ရောက်မလာခဲ့ရတာလဲ" လို့ ပြောပါတယ်။

ပင်တာဂွန် ကတော့ CBS ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် တိုက်ရိုက်မှတ်ချက်ပေးဖို့ ငြင်းဆန်းခဲ့ပြီး၊ မတ်လတုန်းက စစ်ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် ပြောခဲ့တဲ့ စကားကိုပဲ ညွှန်းဆိုခဲ့ပါတယ်။ အဲဒီတုန်းက ဝန်ကြီးက အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စခန်းတွေကနေ တပ်ဖွဲ့ဝင် ၉၀ ရာခိုင်နှုန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ပြီးပြီလို့ ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။


Ref: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)