ပခုက္ကူ၊ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာပြီး လိုက်နာဆောင်ရွက်ကြစေရန်ရည်ရွယ်ကာ အသိပညာပေးဟော ပြောခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝင်းက စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းဇော်က အပူဒဏ်အန္တရာယ်နှင့်ကျန်းမာရေးဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်စခန်းမှ ဦးကမ်ဒိုလျန်က မီးဘေးလုံခြုံရေးလိုက်နာဆောင်ရမည့်အချက်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဇာဇာလင်းက သတင်းအမှားအမှန်ခွဲခြားသိမြင်နိုင်ရေးကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများတက်ရောက်ကြပြီး စူပါအယ်လ်နီညိုရာသီဥတုဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News



No comments:
Post a Comment