မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေကို ကိုယ်ပိုင်ကွင်းနဲ့ အဆင့်အတန်းမြင့်မြင့် ဖြစ်စေချင် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေကို ကိုယ်ပိုင်ကွင်းနဲ့ အဆင့်အတန်းမြင့်မြင့် ဖြစ်စေချင်


မြန်မာ့ဘောလုံးလောကနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ပရိတ်သတ်ပါပဲ။ ဒီအပေါ်မှာ အကျိုးစီးပွား မရှိသလို ပူးပေါင်းပါဝင်နိုင်တာမျိုးလည်း မရှိပါဘူး။ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဇော်ဇော်အပါအဝင် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့လည်း အစွမ်းကုန်ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ဦးဇော်ဇော်အပါအဝင် အဖွဲ့ချုပ်တာဝန်ရှိသူတွေ ကြိုးပမ်းသလောက်တော့ ခရီးရောက်မလာဘူး။ ဒါက အမှန်တရားပါ။ အားကစားသမားတွေအပိုင်းကလည်း ကြိုးစားမှုလိုအပ်သလို အစိုးရဘက်က ကူညီပံ့ပိုးပေးရမယ့်အပိုင်းတွေမှာလည်း ထောက်ပြစရာတွေ ဖြစ်နေပါတယ်။

မြန်မာအမျိုးသားလိဂ်အကြောင်း မပြောမီ အမျိုးသမီးလိဂ်မှာ သစ္စာအားမာန်အသင်းက ဒီဇင်ဘာနှင်း ဆိုတဲ့ ကစားသမားတစ်ယောက် ရင်ဖွင့်သွားတဲ့အခြေအနေတစ်ရပ် - ဘောလုံးအားကစားဝါသနာရင်တွေ သူမရဲ့စကားကို ကြားပြီး ရင်ထဲစို့နင့်သွားကြတယ်။ သူတို့တွေရဲ့ အချိန်တွေ၊ လုပ်အားတွေကို တိုင်းပြည်ပုံရိပ်မြှင့်တင်ဖို့ မြှုပ်နှံထားကြတယ်။ သို့သော် သူတို့ကို စားဝတ်နေရေး၊ နေစရာထိုင်စရာကမှအစ အဆင်မပြေမှုတွေ ရှိခဲ့တယ်။ ဒီဇင်ဘာနှင်း သာ ဖွင့်မပြောခဲ့ရင် ဒီပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်ပြီးစခန်းသွားနေလိမ့်မယ် ထင်ပါတယ်။ ဒီဇင်ဘာနှင်း ဖွင့်ပြောလိုက်လို့သာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်က အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးခဲ့လို့ ကစားသမားတွေလည်း ပျော်ရွှင်လာကြသလို ရလဒ်တွေ ကောင်းမွန်လာတယ်။ 

ဒီနေရာမှာ အထူးပြုပြီး ပြောရမှာကို အသင်းကို စီမံခန့်ခွဲတဲ့သူတွေကိုပါ။ အသင်းကို စီမံခန့်ခွဲတယ်ဆိုတာက အသင်းသားတွေ အဆင်ပြေမှုရစေဖို့၊ အသင်းတိုးတက်ဖို့ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ သူတို့ စီမံခန့်ခွဲတာက ဘာကို စီမံခန့်ခွဲနေတာလဲ။ အသင်းသားတွေအတွက်လည်း စားဝတ်နေရေးမှ အဆင်မပြေ၊ လေ့ကျင့်ရေးအတွက်လည်း အဆင်မပြေဆိုရင် ဘာကို စီမံခန့်ခွဲနေကြတလဲလို့ မေးရမှာပါ။ ရတဲ့ဘက်ဂျက်ကို မိမိတို့အကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ပြီး အသင်းကို ဖြစ်သလိုထားတဲ့ စီမံခန့်ခွဲမှုပုံစံမျိုးတွေတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ 

ဒါကတော့ သာဓကအားဖြင့် ပြောတာပါ။ မြန်မာ့ဘောလုံးလောကမှာ ရင်းနှီမြှုပ်နှံကြသူတွေဟာ အကျိုးအမြတ်ဆိုတာထက် ဝါသနာအရ၊ ဒီအပေါ်မှာ အရှုံးခံနိုင်လို့ လုပ်ကြရတဲ့သူတွေများပါတယ်။ အခုဆိုရင် နိုင်ငံခြားကစားသမားတွေပါ ခေါ်ယူနေကြတာကို တွေ့ရတော့ အမြတ်ကို မဆိုထားနဲ့ အရှုံးတွေ ထပ်နေကြမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဝင်ငွေရှိလို့ ဒီဘက်မှာ အရှုံးခံပြီး လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းတစ်ယောက် ကိုသီဟဇော် ပြောထားတဲ့ ရုပ်သံအင်တာဗျူးလေးကို ကြည့်လိုက်ရတယ်။ ကမ္ဘောဒီးယားကလပ်အသင်းတွေရဲ့ အခြေအနေပေါ့။ သူ့ရဲ့ကစားသမားဘဝ အတွေ့အကြုံ ကမ္ဘောဒီးယားလိဂ် ၂ မှာ သွားကစားတုန်းက လိဂ်-၂ အသင်းမှာတောင် ကိုယ်ပိုင်အိမ်ကွင်းရှိတဲ့အကြောင်းကို ပြောပြထားတယ်။ သူပြောတာကလည်းအားကျစရာပါ။ 

ဘောလုံးအသင်းတစ်သင်း ဖြစ်လာပြီဆိုရင် အသင်းတစ်သင်းနဲ့ တူအောင် အိမ်ကွင်း၊ လေ့ကျင့်ရေးကွင်း၊ ကစားသမားများရဲ့ နေထိုင်ရေးအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမှု ဒါတွေ လိုအပ်တာပေါ့။ လက်ရှိ မြန်မာအသင်းတွေမှာ ဒါတွေ လုံလောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိလို့ အသံတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော် တွေးထားခဲ့တာတော့ ကြာပါပြီ။ ကျွန်တော် ရန်ကုန်မြို့ပေါ်က မြို့နယ်အလိုက် ဘောလုံးကွင်း အစုံကို မရောက်ဖူးပါဘူး။ ရန်ကုန်မြို့မှာ စလင်းကွင်း၊ ပဒုမ္မာကွင်း၊ ဆင်မလိုက်ကွင်း တို့ဆိုတာတွေဟာ ဘေးပတ်လည်မှာ တော်တော်လေး ကြပ်တည်းနေတဲ့ အခြေအနေ၊ ပြုပြင်မှုကလည်း လွန်စွာအားနည်းတဲ့ အခြေအနေပါ။

အဲဒီကွင်းတွေထက်စာရင် ရွှေပြည်သာ နဝရတ်ကွင်း၊ တောင်ဒဂုံဘောလုံးကွင်းတွေကမှ ပိုပြီး ကျယ်ဝန်းတဲ့ အနေအထားမျိုးတွေ့ရပါတယ်။

မြို့နယ်အလိုက် ရှိနေတဲ့ကွင်းတွေကတော့ အစိုးရပိုင် မြို့နယ်အားကစားကွင်းတွေပေါ့ဗျာ။ ဒါတွေကို အခါအားလျော်စွာ အသုံးပြုတာမျိုး ရှိပေမယ့် အမြဲတစေ အသုံးပြုခြင်း မရှိသလို ကွင်းတွေကို ပြုပြင်မှုအပိုင်းလည်း အားနည်းပါတယ်။ အသုံးပြုခါနီးလောက်သာ အမြင်တင့်တယ်အောင် လုပ်လိုက်ကြတာမျိုးပါ။ ပြောရင် ဘက်ဂျက်မပေးဘဲ ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ၊ ဘက်ဂျက်မှ မရှိတာပေါ့။ ဟုတ်ပါတယ်။ ဘက်ဂျက်ချမပေးရင်တော့ ဘယ်လိုမှ မပြုနိုင်တာ အမှန်ပါပဲ။ 

စာရေးသူအဓိက ပြောချင်တာက အခု မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ နောက်တစ်ဆင့် လိဂ် ၂ ကလပ်အသင်းများပေါ့ဗျာ။ သူတို့တွေမှာ အိမ်ကွင်းရှိလား။ လေ့ကျင့်ရေးကွင်းတွေ အဆင့်အတန်းမီအောင် လုပ်ဆောင်နိုင်ရဲ့လား။ ဒါတွေကို အားကစားဝန်ကြီးဌာနက ဘောလုံးအဖွဲ့ချုပ်ဘက်ကို မေး၊ နိုင်ငံတော်အကြီးအကဲကို တင်ပြပြီး ကူညီပံ့ပိုးပေးနိုင်တာကို ကူညီပံ့ပိုးပေးရင် ဖြစ်နိုင်ပါတယ်။ ရန်ကုန်ယူနိုက်တက်ဆိုရင် လှိုင်အားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေတယ်။ သူ့ရဲ့ လေ့ကျင့်ရေးကွင်းလည်း သီးခြားရှိလိမ့်မယ်လို့ ယူဆရပါတယ်။ နောက်တစ်ခါ နဝဒေးရုပ်ရှင်ရုံနားက ဘောလုံးကွင်းကို အစောပိုင်းကတော့ ဇွဲကပင်အသင်းက အိမ်ကွင်းအဖြစ် အသုံးပြုဖို့ ရယူထားတယ်။ ထိုနည်းတူပဲ အခြားသော ကလပ်အသင်းများကိုလည်း ရန်ကုန်မြို့ပေါ်က ဘယ်ကွင်းတွေကို ငှားရမ်းအသုံးပြုချင်သလဲ။ (၅)နှစ်၊ (၁၀)နှစ် အစရှိသဖြင့် နှစ်ရှည်ငှားရမ်းအသုံးပြုခွင့်ပေါ့ဗျာ။ ဒါမှမဟုတ် ဘောလုံးအသင်းပိုင်ရှင်တွေ ကွင်းတည်ထောင်ချင်တဲ့နေရာမှာ မြေနေရာလျှောက်ထားတင်ပြ၊ ဒါကို သက်ဆိုင်ရာက ခွင့်ပြုပေးနိုင်ဖို့ (စိုက်ပျိုးမြေမဟုတ်တဲ့ နေရာများ)ပေါ့။ ကလပ်အသင်းတစ်သင်းအတွက် ဆိုရင် အိမ်ကွင်း၊ လေ့ကျင့်ရေးကွင်း၊ ကစားသမားများ နေထိုင်ရန်အဆောင်၊ ကလပ်အသင်းရုံးအဆောက်အဦ ဆောက်လုပ်ရန် (၅)ဧက ဝန်းကျင် (တိတိကျကျတွက်ချက်ပြီး လိုအပ်တဲ့ ဧရိယာ)ကို အစိုးရက မြေပေးမယ်။ အသင်းပိုင်ရှင်များက မြေပြင်မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်။ ချထားပေးကတည်းက ကလပ်အသင်းအတွက် ဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း၊ လိုအပ်သော ရုံးအဆောက်အဦနှင့် ကစားသမားများ နေထိုင်ရန် အဆောင် ဆောက်လုပ်ရန်အတွက်သာ၊ မြေယူပြီး တခြားဘာမှ လုပ်ခွင့်မရှိဘူး။ ဒီလို ချထားပေးရင်တော့ ကလပ်အသင်းတွေဘက်ကလည်း အစိုးရရဲ့ ကူညီပံ့ပိုးမှုရပြီဆိုရင် ဆက်လက်လုပ်ဆောင်သင့်တာကို သူတို့တွေ ရင်းနှီးမြှုပ်နှံပြီး လုပ်သွားကြလိမ့်မယ်လို့ ယူဆမိပါတယ်။ 

ဒါက နိုင်ငံတကာမှာ စီးပွားရေးဖြစ်နေပြီ ဆိုသော်ငြားလည်း မြန်မာပြည်မှာက အရှုံးခံပြီး လုပ်နေကြရတာ ဖြစ်လို့ လုပ်ချင်ကိုင်ချင်စိတ်ရှိလို့ လုပ်နေကြတဲ့သူတွေကို အစိုးရကလည်း အတိုင်းအတာတစ်ခုအထိ ကူညီပံ့ပိုးတယ်ဆိုရင် အသင်းပိုင်ရှင်တွေလည်း လုပ်ရတာပျော်မယ်၊ အခြေခံလိုအပ်ချက်တွေ ပြည့်စုံလာပြီဆိုရင် ကစားသမားတွေလည်း ပျော်ရွှင်လာမယ်။ အလုပ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်လုပ်ရမှသာ အောင်မြင်မှုလည်း ရနိုင်မှာ ဖြစ်ပါတယ်။

ဒါကို ရေးသားဖြန့်ဝေမယ်လို့ စိတ်ကူးရှိနေတာကတော့ ကြာပါပြီ။ အားကစားဝန်ကြီးဌာန ဘက်က အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ အစိုးရက ဘက်ဂျက်ပေးတဲ့ အလုပ်လောက်ကိုသာ အလုပ်လို့ မမြင်ဘဲနဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေ ကူညီပေးဖို့လိုသလဲ။ ဒါတွေကိုလည်း ကြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒီနယ်ပယ်ထဲမှာ အရှုံးခံပြီး ဘယ်သူမှ မလုပ်ချင်ကြဘူးပေါ့ဗျာ။ အရှုံးခံပြီး လုပ်နေကြတာကို သိလို့ အဖွဲ့ချုပ်က ကူညီပံ့ပိုးပေးနေရတာလည်း အားလုံးအသိပါပဲ။ ဦးဇော်ဇော်ကိုယ်တိုင်လည်း ကလပ်အသင်းတွေကို ပံ့ပိုးပေးနေမှုအခြေအနေနဲ့ ပတ်သက်လို့ တိတိကျကျ ချပြပြောဆိုခဲ့ဖူးပါတယ်။

လက်ရှိအမျိုးသားလက်ရွေးစင်အသင်းများ အဆင့်ကိုကြည့်မယ်ဆိုရင် အရှေ့တောင်အာရှအတွင်းမှာတောင် မြန်မာဟာ နောက်ကောက်ကျကျန်ခဲ့မယ့် အခြေအနေမျိုး မြင်တွေ့နေရပါတယ်။ တချိန်က ဂိုးတွေ အမြောက်အများသွင်းယူပြီး အနိုင်ယူခဲ့တဲ့ အရှေ့တီမောလိုအသင်းမျိုးကို နိုင်ဖို့ အသည်းအသန် ရုန်းကန်နေရပြီ။ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ ဘတစ်ပြန် ကျားတစ်ပြန် အခြေအနေမျိုးဖြစ်နေပြီ။ သူတို့ဆီက မွေးစားသားတွေခေါ်လို့ဆိုတဲ့ အကြောင်းပြချက်လည်း ရှိပါတယ်။ ကိုယ်တွေက မွေးစားသားမခေါ်ဘဲ ကစားသမားကောင်းတွေ လုံလုံလောက်လောက်ရဖို့ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်မှုတွေ လုပ်ပေးနေမယ့် ကလပ်အသင်းတွေ အားကောင်းလာဖို့ လိုတယ်။ 

ကလပ်အသင်းတွေ အားကောင်းလာဖို့ ဆိုသည်မှာလည်း ကလပ်အသင်းပိုင်ရှင်များမှာ အရှုံးခံနိုင်တဲ့ ပမာဏတစ်ခုရှိမယ်။ အရှုံးခံပြီး လုပ်နေကြတာကို သိရမယ်။ သိသည့်အလျှောက် နိုင်ငံတော်အစိုးရ၊ အားကစားဝန်ကြီးဌာန က တစ်ထောင့်တစ်နေရာနေ ကူညီပံ့ပိုးပေးခြင်းအားဖြင့် ကလပ်အသင်းများမှာ အဆင့်အတန်းမီတဲ့ ကလပ်အသင်းတွေ ဖြစ်လာမယ်။ ရန်ကုန်မြို့ပေါ်မှာ မြို့နယ်အလိုက် ကလပ်အသင်းတွေကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ဖို့ ချထားပေးလို့ရတဲ့ မြို့နယ်ကွင်းတွေလည်း များစွာရှိနေပါတယ်။ ဒါတွေကိုမပေးချင်ဘူးဆိုရင် သီးခြားလွတ်လပ်တဲ့ နေရာများမှာ အဆင့်မီအားကစားကွင်းများ တည်ဆောက်နိုင်ဖို့ မြေနေရာတွေ ချထားပေးလိုက်မယ်ဆိုရင်လည်း အဆင့်မီအားကစားကွင်းတွေ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ 

ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ဖို့ ပါဝင်ဆောင်ရွက်နေကြတဲ့သူတွေအားလုံးကို ပရိတ်သတ်တစ်ဦးအနေနဲ့ လေးစားပါတယ်။ ဒီဆောင်းပါးကလည်း မိမိကိုယ်ကျိုးလည်းမပါ၊ မိမိနဲ့လည်း ဘာမှမသက်ဆိုင်ပါ။ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရအပိုင်းက ကူညီဖြည့်ဆည်းပေးနိုင်တဲ့အပိုင်းကို ဖြည့်ဆည်းပေးစေချင်တဲ့ ဆန္ဒပါ။ ကလပ်အသင်းတွေကို ကလပ်အသင်းနဲ့ တူစေချင်တယ်။ အစိုးရတာဝန်ရှိသူများကလည်း ကြည့်တတ်၊ မြင်တတ်၊ ကူညီဖေးမပေးတတ်ဖို့ လိုပါတယ်။ အဆင့်မြင့်ကလပ်အသင်းတွေ ဖြစ်လာစေချင်တဲ့ ဆန္ဒနဲ့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ ကလပ်အသင်း တာဝန်ရှိသူများကလည်း ဘောလုံးကွင်းအတွက် အစိုးရက မြေနေရာပေးဖို့ အရေးဆိုသင့်ပါတယ်။ အရေးဆိုလို့ ရလာပြီးရင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့နဲ့ မြေယူပြီး ရောင်းစားတာမျိုးတွေ မလုပ်ကြဖို့ တပါတည်း အကြံပြုတိုက်တွန်းလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)