နေပြည်တော်၊ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများ လျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တမံ၏အထက် ရေပြင်နှင့်ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျ နေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်း ဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များစနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံဆောင်ရွက်ခြင်း တို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံ ရေပြင်၏နိမ့်မြင့် အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၁၀ ဒသမ ၃၅ ပေသာ ကျန်ရှိတော့သဖြင့် ၄ ဒသမ ၆၅ ပေခန့် လျော့နည်းသွားကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar





No comments:
Post a Comment