ကလေးသူငယ်များ၏ အနာဂတ်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးသူငယ်များ၏ အနာဂတ်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၂၃

ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့တွင် ကျင်းပသည့် ကလေးသူငယ်များ၏ သာယာဝပြောရေး၊ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်သည့် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်သည်။

အဆိုပါ အစည်းအဝေးကို ကလေးသူငယ်များ၏ဘဝ သာယာဝပြောရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာအတွေ့အကြုံများဖလှယ်ခြင်းတို့ကို အဓိကထားကျင်းပခြင်းဖြစ်သည်။

“Investing in Children’s Wellbeing: A Path to Sustainable and Equitable Development for Future Generations” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ကမ္ဘာ့ထိပ်သီးအစည်းအဝေး ကို အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာကျင်းပရာ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အစိုးရကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အခြားသက်ဆိုင်သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကလေးသူငယ်များနှင့် မိသားစုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်များအပေါ် အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုမှုများမှ ကာကွယ်ရေး၊ ကလေးသူငယ်ကျန်းမာရေး၊ ငယ်ရွယ်စဉ် ကလေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အားလုံးပါဝင်နိုင်သော ပညာရေးစနစ်ဖော်ဆောင်ရေးတို့ကို အဓိကဆွေးနွေး ကြသည်။

ထို့ပြင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာကာကွယ်နိုင်ရန်၊ လူမှုဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးမြှင့်တင်ရန်နှင့် အကူအညီလိုအပ်နေသည့် ကလေးသူငယ်များအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများလက်လှမ်းမီ ရရှိစေရန်နိုင်ငံအလိုက် အကောင်အထည်ဖော်နေသည့် မူဝါဒများနှင့် လုပ်ငန်းအတွေ့အကြုံများကိုလည်း ဖလှယ်ဆွေးနွေးကြသည်။

အထူးသဖြင့် မသန်စွမ်းကလေး သူငယ်များနှင့် ထိခိုက်လွယ်သည့် အခြေအနေများတွင် ရှိနေသော ကလေး သူငယ်များအတွက် သင့်လျော်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး၊ ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုင်း အဝိုင်းအတွင်း ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို မြှင့်တင်ရေးသည်လည်း အစည်းအဝေး၏ အရေးပါသော ကဏ္ဍများအနက် ပါဝင်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးနှင့် အတူ ကလေးသူငယ်ကင်ဆာရောဂါ ဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ကွန်ဂရက်ကိုလည်း ကျင်းပပြီးရောဂါကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်ရေး၊ ကုသမှုများ လက်လှမ်းမီ ရရှိရေးနှင့် ကလေးလူနာများအတွက် ရေရှည်စောင့်ရှောက်မှု ပိုမိုကောင်းမွန်လာစေရေးတို့ကိုဆွေးနွေး ကြသည်။

ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှတစ်ဆင့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ ကလေးသူငယ်များအတွက် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဦးစားပေးလာစေရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ပိုမိုလုံခြုံမျှတသည့် လူမှုဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားခဲ့ကြောင်းသိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)