ဗီယက်နမ်မှာ လူလိမ်ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗီယက်နမ်မှာ လူလိမ်ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီး




အောက်တိုဘာ - ၂၃

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက သန်းဟွာပြည်နယ် ရဲတပ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က တရားမဝင် ငွေကြေးနဲ့ ပစ္စည်းဥစ္စာ လိမ်လည်ဖို့အတွက် ကွန်ပျူတာ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့  သံသယရှိသူ ၈၄ ဦးကို ရာဇဝတ်ကြောင်းအရ စတင် အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာနဲ့ တည်းခိုနေထိုင်တာတွေကို စီစဉ်ပေးခဲ့မှုအတွက်ပါ တရားစွဲဆိုထားပါတယ်။

အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ကျောင်ရှီဖုန်း က ဒီလိမ်လည်မှုကွန်ယက်ကို တိုက်ရိုက်ဦးဆောင်ပြီး ကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့ ပင်မတရားခံအဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒီမတိုင်ခင်က  သန်ဟွာပြည်နယ် ပြည်သူ့လုံခြုံရေးဌာနရဲ့ လူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုဌာနက အဲဒီပြည်နယ် ငဟီဆန် ရပ်ကွက်မှာရှိတဲ့ ဗန်ဟွာဟိုတယ်မှာ တည်းခိုနေကြတဲ့ နိုင်ငံခြားသားအုပ်စု တစ်စုကို သတိထားမိခဲ့ပါတယ်။ အဲဒီအုပ်စုက အပြင်လူတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ တံခါးပိတ် ပုံစံနဲ့ နေထိုင်ကြတာနဲ့ စောင့်ကြည့်ဖို့ အစောင့်တွေလည်း ချထားတာကြောင့် တရားမဝင် လုပ်ငန်းတွေ လုပ်နေတယ်လို့ သံသယဝင်စရာ ဖြစ်လာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီအဖွဲ့ဝင်အများစုဟာ အရင်တုန်းက လာအို (သို့မဟုတ်) ကမ္ဘောဒီးယားနိုင်ငံတွေမှာ နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူတို့ထဲက တချို့ဟာ ဗီယက်နမ်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြတာဖြစ်ပြီး တစ်ယောက် ကတော့ ပြည်ပအာဏာပိုင်တွေရဲ့ ဖမ်းဝရမ်းထုတ်ထားတာကို ခံထားရသူ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံထဲကို ဝင်လာတဲ့အခါမှာလည်း အဲဒီအဖွဲ့ဟာ ကွန်ပျူတာစကန်းဟန်းတွေ နဲ့ ဆက်သွယ်ရေးပစ္စည်း အမြောက်အများကို သယ်ဆောင်လာခဲ့ကြပါတယ်။ ပထမအဆင့် စုံစမ်းစစ်ဆေးချက်တွေအရ နိုင်ငံအသီးသီးက လူ ၁၀၀ ကျော်ဟာ ကျောင်  ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ လုပ်ကိုင်နေကြတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီအဖွဲ့ဟာ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ၊ ဒစ်ဂျစ်တယ်ငွေကြေး တွေ၊ အားကစားလောင်းကစားမှုတွေ၊ အလုပ်ခေါ်ယူတယ်ဆိုပြီး လိမ်လည်တာတွေနဲ့ အွန်လိုင်းကနေ အလုပ်တာဝန်တွေပေးပြီး လိမ်လည်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အဖွဲ့ဝင်တွေကို တာဝန်ခွဲဝေပေးထားတယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအဖွဲ့ရဲ့ ပစ်မှတ်ထားခံရသူတွေကတော့ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်နဲ့ တရုတ်ပြည်မကြီးက လူတွေ ဖြစ်ပါတယ်။ စုဆောင်းရရှိထားတဲ့ သက်သေအချက်အလက်တွေအပေါ် အခြေခံပြီး သန်းဟွာ ပြည်နယ် ရဲဌာနရဲ့ လုံခြုံရေးစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဒီအဖွဲ့ဟာ ဆိုက်ဘာလောကထဲမှာ နယ်စပ်ဖြတ်ကျော်ပြီး အလွန်ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖွဲ့စည်းထားတဲ့ ရာဇဝတ်ကွန်ရက်တစ်ခု ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သန်းဟွာရဲတပ်ဖွဲ့ဟာ ဒီအမှုနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ချက်ချင်း တင်ပြခဲ့သလို ရာဇဝတ်ရဲတပ်ဖွဲ့၊ ဆိုက်ဘာလုံခြုံရေးနဲ့ အဆင့်မြင့်နည်းပညာ ရာဇဝတ်မှု တားဆီးနှိမ်နင်းရေးဌာနတို့အပြင် တခြားသော အထူးယူနစ်တွေနဲ့ပါ အနီးကပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကာ လူအင်အားစုဆောင်းပြီး ရာဇဝတ်ကွန်ရက်တစ်ခုလုံးကို စုံစမ်းဖော်ထုတ်လျက် ရှိပါတယ်။


REF: TUOITYRE

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)