နေပြည်တော်၊ အောက်တိုဘာ ၈
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘောဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဒုတိယသမ္မတရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက On line ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုများအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည့်အခြေအနေများ၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ပြင်းထန်မြင့်တက်လာမှုများ၊ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ရုတ်တရက်မုန်တိုင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုကို မိုးခေါင်မှုတစ်ခုတည်းအတွက်သာမဟုတ်ဘဲ ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း (Multi-Hazard Preparedness)အဖြစ် စဉ်းစားရန် လိုအပ်သည့်အခြေအနေ၊ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များအရ အယ်လ်နီညိုဖြစ်စဉ်သည် မြန်မာနိုင်ငံအတွင်း ၂၀၂၆ ခုနှစ်ကာလမှ ဆက်လက်အားကောင်းလာနိုင်ကာ ၂၀၂၇ ခုနှစ် အစောပိုင်းအထိ ဆက်လက် သက်ရောက်နိုင်သည့်အခြေအနေ၊ စိုက်ပျိုးရေလျော့နည်းခြင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု နည်းပါးစေရန် အပူဒဏ်ခံနိုင်မည့် သီးနှံများ၊ သက်တမ်းတိုသည့်မျိုးများ ရွေးချယ်စိုက်ပျိုးရမည့်အခြေအနေ၊ အပူရှောင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ရမည့်အခြေအနေ၊ အပူဒဏ်ကြောင့် တိရစ္ဆာန်များရောဂါရလွယ်ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်မည့်ရောဂါများ ကာကွယ်နိုင်မှုအခြေအနေ ရေလှောင်တမံများ ရေဝင်ရောက်မှုနည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျသက်ရောက်မှုများအပေါ် ဆိုလာစနစ်ဖြင့် အစားထိုးဆောင်ရွက်နိုင်မည့်အခြေအနေ၊ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်အတွက် ပြင်ဆင်ရာတွင် သက်ရောက်နိုင်ခြေများနှင့် ချိတ်ဆက်ပြီး ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လျော့ပါးသက်သာစေခြင်းတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် စားရေရိက္ခာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝစသည့် ကဏ္ဍအသီးသီးကို သက်ရောက်နိုင်သောအန္တရာယ် (Multi-sectoral Risk) ဖြစ်နိုင်သည့်အခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် နောက်ဆက်တွဲ သက်ရောက်မှုများအရ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်သည့်အခြေအနေများကို အသေးစိတ်ဆွေးနွေးပြောကြားပြီး ကဏ္ဍစုံတွင် သက်ရောက်လာနိုင်မည့်အခြေအနေများနှင့် ကြိုတင်စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ဆွေးနွေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် နောက်ဆက်တွဲ သက်ရောက်မှုများအရ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
#News #Myanmar


No comments:
Post a Comment