အောက်တိုဘာ - ၁၀ ( စနေနေ့ )
ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ အလွန်အမင်း မြင့်တက်လာတာကြောင့် ရုရှားရဲ့ လောင်စာဆီ ကုန်သွယ်မှု အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမေရိကန်ဘဏ္ဍာရေးဌာနက ခေတ္တဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုဆီကိုပါ တင်သွင်းတာတွေ အပါအဝင် ရုရှားဒီဇယ်ဆီတွေကို ရောင်းချခြင်း၊ တင်ဆောင်ပို့ဆောင်ခြင်းနဲ့ ကုန်ချခြင်းလုပ်ငန်းတွေကို အနည်းဆုံး ၂၀၂၇ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက် မထွက်ပေါ်လာခင်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သောကြာနေ့က တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရုရှားနဲ့ အဓိကကျတဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သမ္မတ ထရမ့်က သူ့ရဲ့ ထရုသ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြရာမှာတော့ - "ရုရှားနိုင်ငံအနေနဲ့ အမေရိကန်နဲ့တွဲပြီး ကမ္ဘာ့ဈေးကွက်ထဲကို ဒီဇယ်ဆီ တန်ချိန် ၃၀၀,၀၀၀ ကျော်ကို ချက်ချင်း တင်သွင်းပေးမှာဖြစ်ပြီး၊ နိုဝင်ဘာလအတွင်းမှာ နောက်ထပ် တန်ချိန် ၅၀၀,၀၀၀ နဲ့ အဲဒီနောက်မှာ တန်ချိန် ၁,၀၀,၀၀၀ ထပ်မံ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထိ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံနေရတဲ့ ရုရှားရဲ့ ရေနံချက်စက်ရုံတွေရဲ့ အခြေအနေပေါ်မူတည်ပြီး အချိန်တိုအတွင်းမှာ နောက်ထပ် ဒီဇယ်ဆီ တန်ချိန် ၃ သန်းအထိပါ ရုရှားက ထပ်မံထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ ဖုန်းပြောဆိုမှုအပြီး ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံဟာ အမေရိကန်နဲ့ တွဲဖက်ပြီး ကမ္ဘာ့ဈေးကွက်တွေဆီကို ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ တင်သွင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကရင်မလင်နန်းတော်ကလည်း ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာစေမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက် ကလည်း ရုရှားအနေနဲ့ ဒီဇယ်ဆီတင်ပို့မှု ကန့်သတ်ချက်တွေကို သတ်မှတ်ရက်ထက် အစော ရုပ်သိမ်းသွားတော့မှာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို "ချက်ချင်း" စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း TASS သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ်က "ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်စေရေးနဲ့ ပုံမှန်စွမ်းအင်ကုန်သွယ်မှုကို တဖြည်းဖြည်း ပြန်လည်ထူထောင်ရေးကို ရည်ရွယ်ပြီး လုပ်ဆောင်လာတဲ့ အမေရိကန်ရဲ့ အဆင့်တွေကို ရုရှားက ကြိုဆိုပါတယ်။ ပိုပြီး ခန့်မှန်းရလွယ်ကူပြီး ကျန်းမာတဲ့ ဈေးကွက်တစ်ခု ဖန်တီးနိုင်ဖို့အတွက် နောင်လာမယ့် လုပ်ဆောင်ချက်တွေကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားဖို့ အဆင်သင့်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment