အောက်တိုဘာ - ၂၈ ( ဗုဒ္ဓဟူးနေ့ )
နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေ ပြီးသွားရင် အီရန်ကို တိုက်ဖို့ ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခု လုပ်ရန် အမေရိကန်က ပင်လယ်ကွေ့ အာရပ်နိုင်ငံအချို့ကို သတိပေးထားတယ် လို့ ဝေါ်စထရိဂျာနယ်(WSJ) သတင်းစာက အင်္ဂါနေ့မှာ အတည်ပြု ဖော်ပြလာပါတယ်။ ၎င်းက ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားတာပါ။
WSJ ရဲ့ အဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့ အဆောက်အအုံတွေနဲ့ နျူကလီးယား စက်ရုံတွေကို အဓိကထားပြီး တိုက်ခိုက်ဖို့ ဘက်ယိမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ပင်လယ်ကွေ့ မိတ်ဖက်နိုင်ငံတွေကို သတိပေးတာကို ကြည့်ရင် အစ္စရေးနိုင်ငံအနေနဲ့လည်း ဒီစစ်ရေးတိုက်ခိုက်မှုတွေမှာ ပြန်လည်ပါဝင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အီရန်ရဲ့ လက်စားချေ တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်ဟာ ဒေသတွင်းကို ပက်ထရီယော့ခ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်ဘက်ထရီ အပိုတစ်လုံး ထပ်ပို့ဖို့ရှိနေပြီး အခက်အခဲဖြစ်နိုင်တဲ့ စစ်စခန်းတွေကနေ တပ်ဖွဲ့တွေကို ရွှေ့ပြောင်းနေပါတယ်။ ဒါ့အပြင် ဝါရှင်တန်အစိုးရဟာ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းနေသလို စစ်ဆင်ရေးတွေ လုပ်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကိုလည်း အသင့်ပြင်ဆင်နေပါတယ်။
နှစ်ဖက်ညှိနှိုင်းမှုတွေ ရပ်တန့်နေပြီး တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေကြတဲ့အချိန်မှာ အီရန်ဘက်က သူ့ရဲ့ အဆိုပြုချက်တွေကို လက်မခံဘူးဆိုရင် ထရမ့်က အီရန်ကို ထပ်တိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်ဟာ စက်တင်ဘာ ၁ ရက်နေ့က အီရန်နယ်မြေထဲကို နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အီရန် ရေနံတင်သင်္ဘောတွေနဲ့ အခြားသင်္ဘောတွေကိုပါ ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ဘက်ကလည်း အမေရိကန် ရေတပ်သတ်မှတ်ပေးထားတဲ့ စစ်ကြောင်းကနေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ကုန်သင်္ဘောတွေကို ပစ်ခတ်ခဲ့ပါတယ်။ အီရန်ကတော့ ဒီရေကြောင်းလမ်းကို တရားမဝင်ဘူးလို့ ခံယူထားပါတယ်။
အီရန်ဘက်က ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံကို အသေအလဲ ကာကွယ်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့အပတ်က နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီ ကတော့ အမေရိကန်အနေနဲ့ စစ်ရေးအရ အသစ်တဖန် ထပ်လုပ်လာမယ်ဆိုရင် “ပိုပြီး ကြီးမားတဲ့ မဟာဗျူဟာမြောက် ကျရှုံးမှု” နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ နိုင်ငံပိုင် Press TV ရဲ့ အဆိုအရ အီရန်အဆင့်မြင့် အရာရှိတစ်ဦးကို ကိုးကားပြီး အင်္ဂါနေ့မှာ ဖော်ပြချက်မှာတော့ တီဟီရန် ဘက်က အကန့်အသတ်မရှိတဲ့ “အစအဆုံး စစ်ပွဲကြီးတစ်ခုအတွက်” အသင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။
တဖန် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေဟာ အမေရိကန်ရဲ့ ဒုံးကျည်ဟန့်တားရေး ပစ္စည်း လက်ကျန်တွေ နည်းပါးလာမှာကို စိုးရိမ်နေကြတဲ့ အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး၊ သမ္မတ ထရမ့်ကတော့ စစ်တပ်မှာ လုံလောက်တဲ့ ခဲယမ်းမီးကျောက်တွေ ရှိတယ်လို့ အခိုင်အမာပြောဆိုကာ အဲဒီစိုးရိမ်ချက်တွေကို ပယ်ချထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment