အောက်တိုဘာ - ၃ ( စနေနေ့ )
ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ပိုင်းက အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ စစ်ဘေးရှောင် စခန်းတစ်ခုမှာ လုံခြုံရေးစစ်ဆင်ရေးလုပ်ရင်း ပဋိပက္ခတွေဖြစ်ပွားခဲ့လို့ လူပေါင်းထောင်နဲ့ချီ ထွက်ပြေးခဲ့ကြပြီး စခန်းတစ်ခုလုံးနီးပါး လူသူဆိတ်သုဉ်းသွားခဲ့တယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
အီတူရီ ပြည်နယ်မှာရှိတဲ့ ကီဂွန်ဇီ စစ်ဘေးရှောင်စခန်းဟာ လူဦးရေ ၁၉,ဝဝဝ နီးပါးကို လက်ခံစောင့်ရှောက်ထားတဲ့ စခန်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဝင်လို့ သံသယရှိသူတွေကို ရှာဖွေဖို့ စခန်းထဲ ဝင်ရောက်ခဲ့ပြီးနောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် စခန်းနေပြည်သူတွေ စတင်ထွက်ပြေးခဲ့ကြတာပါ။
"ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ ကြီးမားလှတဲ့ စိန်ခေါ်မှုဟာ ခုဆို ပိုပြီးတော့တောင် ခက်ခဲသွားခဲ့ပါပြီ" လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒါ့အပြင် ကီဂွန်ဇီစခန်းမှာရှိတဲ့ အီဘိုလာ ရောဂါစောင့်ကြည့်ရေး စခန်းတစ်ခုလည်း ဒီအပတ်အတွင်း မီးလောင်ပျက်စီးသွားခဲ့တာကြောင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို ပိုမိုအဟန့်အတား ဖြစ်စေခဲ့ပါတယ်။ နိုင်ငံတကာဆေးဝါးအဖွဲ့က ဦးစီးပြီး ဝန်ထမ်း ၅ဝ ကျော်နဲ့ လည်ပတ်နေတဲ့ အဲဒီစခန်းဟာ သံသယလူနာတွေကို ဆေးကုသမှုမပေးခင် သီးသန့်ခွဲခြားထားဖို့နဲ့ ရောဂါစစ်ဆေးဖို့ အသုံးပြုခဲ့တဲ့ စခန်းဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ကွန်ဂိုအရှေ့ပိုင်း အခြားနေရာတွေမှာလည်း အီဘိုလာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အဆိုအရ အီတူရီပြည်နယ်၊ ဂျူဂူ နယ်မြေက ရိုအီ စစ်ဘေးရှောင်စခန်းမှာ စက်တင်ဘာ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် လူပေါင်း ၃,ဝဝဝ ကျော် ထွက်ပြေးခဲ့ရကာ အနည်းဆုံး ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment