၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၉၈ ဦး အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုထားဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၉၈ ဦး အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုထားဟုဆို


နေပြည်တော်၊ အော်တိုဘာ ၁၂

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြဿနာကြီးတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာစုစုပေါင်း ၇၀၄၅ စောင် ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး၊ အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၁၂ ဦး၊ အခြား ပုဂ္ဂိုလ် ၃၉ ဦး စုစုပေါင်း ၁၉၈ ဦးတို့ကို ရာထူးအဆင့်အလိုက် တရားစွဲဆို အရေးယူခဲ့ကြောင်း မြန်မာ့အလင်း အယ်ဒီတာအာဘော်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်တွင် "တစိုက်မတ်မတ် တိုက်ဖျက်သွားရမည့် တိုင်းပြည်၏အန္တရာယ် အဂတိလိုက်စားမှု" ခေါင်းစဉ်ဖြင့် သုံးသပ်တင်ပြထားပြီး နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Transparency International)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုအညွှန်းကိန်း (CPI)တွင် အမှတ် ၁၀၀ ၌ ၁၆ မှတ်သာ ရရှိထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ နေရာတွင် ရှိနေကြောင်း၊ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် သုညသည် အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး ၁၀၀ သည် အသန့်ရှင်းဆုံးကို ကိုယ်စားပြုကြောင်း၊ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြဿနာကြီးတစ်ခုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ထိုသို့ခိုင်မြဲစွာ အမြစ်တွယ်နေသော အဂတိလိုက်စားမှုများကို ပြည်သူတစ်ရပ်လုံးနှင့် အတူလက်တွဲ၍ တိုက်ဖျက်သွားရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာစုစုပေါင်း ၇၀၄၅ စောင် ရောက်ရှိခဲ့ရာ အကြောင်းအရာများအနေဖြင့် အဂတိလိုက်စားကြောင်း ဖော်ပြတိုင်တန်းမှု၊ စီမံခန့်ခွဲရေး/ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှု၊ လယ်ယာမြေစီမံခန့်ခွဲမှု၊ တရားစီရင်မှု၊ ဌာနတွင်း/ပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု၊ အထွေထွေအကြောင်းအရာများ စသည်တို့ပါဝင်ပြီး အဆိုပါတိုင်ကြားစာများကို စုံစမ်းစစ်ဆေးခြင်း၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးပို့ခြင်း၊ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေးပြန်ကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် မညီညွတ်ခြင်းကြောင့် အရေးယူဆောင်ရွက်ပေးခြင်းမပြုနိုင်သည့် တိုင်ကြားစာပေါင်း ၂၇၀၀ ကျော် ရှိခဲ့ကြောင်း၊ တိုင်ကြားစာပေါင်း ၇၀၄၅ စောင်အနက် ၄၂၂၃ စောင် (၅၉ ဒသမ ၉ ရာခိုင်နှုန်း) ကို အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ပြီး တိုင်ကြားစာ ၁၀၉ စောင် (၁ ဒသမ ၆ ရာခိုင်နှုန်း) ကိုမူ စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ကာလအတွင်း နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး၊ အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၁၂ ဦး၊ အခြား ပုဂ္ဂိုလ် ၃၉ ဦး စုစုပေါင်း ၁၉၈ ဦးတို့ကို ရာထူးအဆင့်အလိုက် တရားစွဲဆို အရေးယူခဲ့သည်။ အဆင့်မြင့်အရာရှိ ၅ ဦး၊ အရာထမ်း ၉၂ ဦး၊ အမှုထမ်း ၁၀၇ ဦး စုစုပေါင်း ၂၀၄ ဦးတို့ကို ဝန်ထမ်းစည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း၊ တရားစွဲဆိုခဲ့သောအမှုများမှာ ရာဇဝတ်ကြီးမှု ၂၅၅ မှု၊ ရာဇဝတ် အထွေထွေမှု ၆၄ မှု၊ စုစုပေါင်း ၃၁၉ မှုရှိပြီး ပြည်သူ့ဘဏ္ဍာအဖြစ် တန်ဖိုး ငွေကျပ် ၁၉၈၆၉ ဒသမ ၈၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၄၃၂၈၀ ဒသမ ၀၉ ကို သိမ်းဆည်းခဲ့ကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများသည် ရာထူးတာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ကိုယ်တိုင်တောင်းခံရယူခြင်းအပြင် အခြားသူတစ်ဦးဦးကိုအသုံးပြု၍ သွယ်ဝိုက်သောနည်းလမ်းဖြင့် တောင်းခံခြင်း၊ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော ဈေးနှုန်းများကိုပေး၍ လာဘ်ပေး/ယူမှုကျူးလွန်ခြင်း၊ တရားမဝင်ငွေကြေးများကောက်ခြင်း၊ ကြားခံပွဲစားများမှတစ်ဆင့် လာဘ်ပေး/ယူမှုကျူးလွန်ခြင်း၊ တံစိုးလက်ဆောင်ကို ၎င်းတို့ကိုယ်တိုင် လက်ခံခြင်းအပြင် ကိုယ်ရေးအရာရှိ၊ မိသားစုဝင်များ၏အမည်ဖြင့် လက်ခံရယူခြင်း၊ ငွေကြေးကို တိုက်ရိုက်လက်ခံခြင်းမပြုဘဲ ပစ္စည်းများအဖြစ် ပြောင်းလဲလက်ခံခြင်း၊ နိုင်ငံရေးရာထူးကို စွန့်လွှတ်ခြင်းမပြုဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအနေဖြင့် လက်အောက်ဝန်ထမ်းထံမှ တံစိုးလက်ဆောင်တောင်းခြင်း၊ နိုင်ငံရေးရာထူးကို စွန့်လွှတ်ခြင်းမပြုဘဲ အရေးပေါ်ရန်ပုံငွေများကို အသုံးပြု၍ ပြည်သူများကို ထောက်ပံ့ကာ မဲဆွယ်စည်းရုံးခြင်း၊ လုပ်ပိုင်ခွင့် အာဏာနှင့်ဆက်စပ်နေသော လုပ်ငန်းများထံမှ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို တလွဲအသုံးပြု၍ ငွေကြေးတံစိုးလက်ဆောင်များကို လက်ခံရယူခြင်း၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/ စည်းကမ်း၊ မူဝါဒများကို ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း စသည့် နည်းလမ်းများဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြောင်းလဲလာသည့် အဂတိလိုက်စားမှုနည်းလမ်းများမှာ စစ်မှုထမ်းဆိုင်ရာကိစ္စများတွင် လာဘ်ငွေပေးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဒေသလုံခြုံရေးအရချထားသည့် စစ်ဆေးရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခြင်း၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများကို လာဘ်ငွေယူ၍ ကာကွယ်ပေးထားခြင်း၊ လာဘ်ငွေယူရာတွင် သဲလွန်စမကျန်စေရန်နှင့် တရားဥပဒေကိုရှောင်ရှားနိုင်ရန် ဒီဂျစ်တယ်ငွေကြေး/တရားမဝင်ငွေလွှဲ စနစ်များအသုံးပြုခြင်း၊ သဘာဝဘေးအတွက် လှူဒါန်းသည့် ငွေကြေး/ပစ္စည်းများကို အလွဲသုံးစားပြုခြင်းတို့ပါဝင်ကြောင်း၊ အဂတိလိုက်စားမှုများသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် ကဏ္ဍအသီးသီးကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်ဖြစ်ရာ အမြစ်တွယ်နေသည့် ထိုပြဿနာကြီးကို အမြစ်ပြတ်ပျောက်ကွယ်သွားသည်အထိ တစိုက်မတ်မတ် တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း မြန်မာ့အလင်း အယ်ဒီတာ့အာဘော် က သုံးသပ်ရေးသားဖော်ပြထားသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)