ပခုက္ကူ၊ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် တောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်နှင့်ဝန်ထမ်းများက အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် စိုက်ပျိုးရေမလုံလောက်ခြင်းများဖြစ်ပေါ်နိုင်မှုများ၊ စိုက်ပျိုးရေ အသုံးချမှုများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီးနှံများစနစ်တကျရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံ အထွက်နှုန်းထိခိုက်မှုမရှိစေရေးနှင့် အယ်လ်နီညိုရာသီဥတုသက်ရောက်မှုလျော့ချနိုင်ရေးအကြောင်းတို့ကို အသိပညာပေးရှင်း လင်းဆွေးနွေးကြရာ တောင်သူများက သိရှိလိုသည်များမေးမြန်းကာ ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကာလအတွင်း သတိပြုလိုက်နာ ဆောင်ရွက်ရမည့် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား တောင်သူများထံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar



No comments:
Post a Comment