ပြည်သူ့လွှတ်တော် ၉-၁၀-၂၀၂၆ ရက်နေ့ အစည်းအဝေးတွင် ဦးမြင့်ထွန်း (ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်) မှ နိုင်ငံ့ဝန်ထမ်းများနည်းဥပဒေ အခန်း ၁၂၊ နည်းဥပဒေ ၁၅၂၊ နည်းဥပဒေခွဲ (က)တွင် အောက်ပါ မြို့နယ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့်မြို့နယ်များကို ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲသော မြို့နယ်များအဖြစ်သတ်မှတ်သည်လို့ ပြဋ္ဌာန်းထား သည်ကိုတွေ့ရပါကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့်မြို့နယ်များမှ ကချင်ပြည်နယ် ၁၉ မြို့နယ်၊ ကယားပြည်နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ် ၁၂ မြို့နယ်၊ ချင်းပြည်နယ် ၁၂ မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၁၃ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ၄ မြို့နယ်၊ ရခိုင်ပြည်နယ် ၄ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၁ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၄ မြို့နယ်၊ ရှမ်းပြည်နယ် ၃၄ မြို့နယ် စုစုပေါင်း ၁၀၆ မြို့နယ် ဖြစ်ပါကြောင်း၊ နည်းဥပဒေခွဲ (ခ)တွင် နည်းဥပဒေခွဲ(က) အရ သတ်မှတ်ထားသော လူမှုရေးခက်ခဲသည့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထုတ်ယူ ရရှိသော လစာနှင့်ညီမျှသည့်ငွေကို ဒေသစရိတ်အဖြစ် သတ်မှတ်ခံစားခွင့်ပြုသည်လို့ ပြဋ္ဌာန်းထားသည် ကို တွေ့ရှိရပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့များက အခါအားလျော်စွာပြင်ဆင်သတ်မှတ်ခဲ့ခြင်းကြောင့် ဒေသစရိတ် နှုန်းထားများသည် (က)အဆင့် လူမှုရေးအသင့်အတင့်ခက်ခဲသောဒေသ၊ (ခ)အဆင့် လူမှုရေး ခက်ခဲသောဒေသ၊ (ဂ)အဆင့် လူမှုရေးအခက်ခဲဆုံး ဒေသဆိုပြီး ခံစားခွင့်ရှိတဲ့ဒေသစရိတ်နှုန်းထားများ မတူညီပါကြောင်း၊ ဒေသစရိတ်ခံစားခွင့်ရှိခဲ့သည့် ဒေသတချို့တွင်လည်း ဒေသစရိတ်ခံစားခွင့် မရှိတော့သည်များဖြစ်ပေါ်နေပါကြောင်း၊ ယနေ့ ကာလတွင် ပြည်တွင်းသောင်းကျန်းမှု အန္တရာယ် များကြောင့် လမ်းနှင့်တံတားများ ဖျက်ဆီးခံရခြင်း၊ ဆက်သွယ် သွားလာရေးပိုမိုခက်ခဲလာခြင်း၊ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများသည် ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံနေကြရခြင်း၊ ဒေသတည်ငြိမ် အေးချမ်းမှုမရှိခြင်းကြောင့် အထိတ်တလန့်ကျီးလန့်စာစား ပုန်းလျှိုးကွယ်လျှိုးတာဝန် ထမ်းဆောင်ကြရခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်လာခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများနည်းပါးခြင်း၊ လူနေမှုစရိတ် မြင့်မားလွန်းခြင်း စတဲ့အခက်အခဲများကို လက်တွေ့ခံစားနေရဆဲဖြစ်ပါကြောင်း-
ထို့ကြောင့် (၁) လူမှုရေးခက်ခဲသည့် မြို့နယ်များကို ပြန်လည်စိစစ်သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုပါကြောင်း။ (၂) သောင်းကျန်းသူအဖွဲ့အစည်းအမျိုးမျိုးတို့၏ ဖိအားပေးမှုများကို အသက်အန္တရာယ်များ ရင်း၍ ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီးနိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ဝေးလံ ခေါင်ပါးပြီး လူမှုရေးခက်ခဲသည့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထုတ်ယူရရှိသော လစာနှင့်ညီမျှသည့်ငွေကို ဒေသစရိတ်ဖြင့် ပြန်လည် သတ်မှတ်ခံစားခွင့်ပြုပါရန် အစီအစဉ် ရှိ /မရှိ နှင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်ခံစား ခွင့်ပြုမည်တို့ကို သိရှိလိုပါကြောင်း ဖြင့် မေးမြန်းခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို ဒေသစရိတ် ခံစားခွင့်ပြုခြင်းအား မြို့နယ် ၈၇ မြို့နယ်တွင် ၁-၄-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊ မြို့နယ် ၁၁၀ မြို့နယ်တွင် ၁-၁၀-၂၀၁၃ ရက်မှလည်းကောင်း ခံစားခွင့်ပြုခဲ့ ပါကြောင်း၊ ခံစားခွင့်ပြုခဲ့ အခါတွင် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများကို အခြေခံအချက်ကြီး ၁၀ ချက်ဖြင့် စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီး ရမှတ်အပေါ်မူတည်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁၆-၂-၂၀၁၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၆) ဖြင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောမြို့ပေါ် ၉၈ မြို့နှင့် ကျေးရွာအုပ်စု ၂,၈၅၆ အုပ်စုတို့အား လူမှုရေးအသင့်အတင့် ခက်ခဲသောဒေသများ၊ လူမှုရေးခက်ခဲသောဒေသများနှင့် လူမှုရေး အခက်ခဲဆုံး ဒေသများအဖြစ် အုပ်စုသုံးအုပ်စု ခွဲခြားသတ်မှတ်ပြီး အဆိုပါဒေသများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးအဆင့် အလိုက် ဒေသစရိတ်ခံစားခွင့် နှုန်းထားများကို သတ်မှတ်ခံစားခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၅၂၊ နည်းဥပဒေခွဲ(က) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ၎င်းမှာ တာဝန်ပေးအပ်ထားသော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ဖြစ်စေ၊ ဒေသစရိတ် ခံစားခွင့်ရှိသည့် ဒေသများကိုသတ်မှတ်ခြင်း၊ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည် ဟု၍ လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)တွင် နည်းဥပဒေခွဲ(က) အရ သတ်မှတ်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့်ဒေသတွင် တာဝန်ထမ်းဆောင်ရသောဝန်ထမ်းများသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက အခါအားလျော်စွာသတ်မှတ်သည့် ဒေသစရိတ်ကို သတ်မှတ်နှုန်းထားများအတိုင်း ခံစားခွင့် ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း။
ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီက ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသများကို အခြေခံအချက်ကြီး ၁၀ ချက်ဖြင့် စိစစ်ခဲ့သည့်အခါမှာ အခြေခံအချက် ၁၁ ချက်ဖြင့် စိစစ်ရန် စံနှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ရရှိလာသည့်အမှတ်များအလိုက် ပြည်လည်စိစစ်သုံးသပ် ပြီးနောက် မြို့ပေါ် ၁၂၄ မြို့နှင့် ကျေးရွာအုပ်စု ၃,၀၇၁ အုပ်စု၊ ကျေးရွာ ၂ ရွာအား ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၅-၂၀၁၉ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၄၄/၂၀၁၉) ဖြင့် ပြင်ဆင်သတ်မှတ်ပြီး ၁-၅-၂၀၁၉ ရက်နေ့မှ စတင်ပြီး ဒေသစရိတ်ကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၁-၄-၂၀၂၄ ရက်စွဲပါအမိန့် ကြော်ငြာအမှတ် (၃၅/၂၀၂၄) ဖြင့် တနင်္သာရီတိုင်းဒေသတွင်းရှိ ကျေးရွာ အုပ်စု ၃ အုပ်စုကို လူမှုရေးအသင့်တင့်ခက်ခဲသော ဒေသဖြင့်လည်းကောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၇-၃-၂၀၂၆ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၆) ဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်တစ်မြို့နယ်ကို လူမှုရေးအခက်ခဲဆုံးဒေသဖြင့်လည်းကောင်း သတ်မှတ်ထားရှိပြီး ယနေ့အချိန်ထိ လူမှုရေးအခက်ခဲဆုံး ဒေသရှိ မြို့ပေါင်း ၅၁ မြို့၊ ကျေးရွာအုပ်စုပေါင်း ၁,၁၅၆ အုပ်စု၊ လူမှုရေး ခက်ခဲသောဒေသရှိ မြို့ပေါင်း ၁၁ မြို့၊ ကျေးရွာအုပ်စုပေါင်း ၉၅၀ အုပ်စု၊ လူမှုရေးအသင့်တင့် ခက်ခဲသောဒေသရှိ မြို့ပေါင်း ၆၂ မြို့၊ ကျေးရွာအုပ်စုပေါင်း ၉၆၈ အုပ်စု၊ ကျေးရွာပေါင်း ၂ ရွာတို့အား ဒေသစရိတ်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း။
ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသများအဖြစ် သတ်မှတ်နိုင်ရေး စိစစ်ဆောင်ရွက် ရန်အတွက် ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏ တာဝန်ရှိသူများက အဖွဲ့ဝင်များ တွဲဖက် အတွင်းရေးမှူးများဖြင့်လည်းကောင်း ပါဝင်ဆောင်ရွက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်းပြီး စိစစ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး မြို့နယ်ပြည်နယ်အဆင့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသအဖြစ်သတ်မှတ်၍ ကော်မတီများကသက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဒေသစရိတ်ခံစားခွင့်ပြုထားသော မြို့နယ်၊ မြို့များ၊ ဒေသစရိတ်ခံစားထပ်မံ ခွင့်ပြုရန် ထပ်မံတင်ပြသင့်သည့် မြို့နယ်၊ မြို့များနှင့် ကျေးရွာအုပ်စုစာရင်းများကို အောက်ဖော်ပြပါ အဓိကအချက်များနှင့် စိစစ်သုံးသပ်လျက်ရှိကြောင်း -
(က) လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းမှုအခြေအနေ၊
(ခ) လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုအခြေအနေ၊
(ဂ) ဆက်သွယ်ရေးစနစ် ခက်ခဲမှုအခြေအနေ၊
(ဃ) ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေ၊
(င) ကျန်းမာရေးစောင့်ရှောက်မှု၊
(စ) ပညာရေးစနစ် ဖွံ့ဖြိုးမှု၊
(ဆ) လျှပ်စစ်ဓာတ်အားလုံလောက်မှု ရှိ မရှိ အခြေအနေ၊
(ဇ) စီးပွားရေးဖြည့်သွင်းမှု၊
(ဈ) ရာသီဥတု၊
(ည) လူမှုရေး ပတ်ဝန်းကျင်အခက်အခဲ၊
(ဋ) စက်သုံးဆီဖြန့်ဖြူးနိုင်မှုအခြေအနေစတဲ့ အချက် ၁၁ ချက်ပေါ်မှာ အခြေခံပြီးတော့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။
အထက်ဖော်ပြပါ အခြေခံအချက် ၁၁ ချက်ဖြင့် စိစစ်သုံးသပ်ပြီး စစ်ဆေးထားသည့် အမှတ်ပေး စာအုပ်နှင့်အတူ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီသို့ ထောက်ခံတင်ပြပြီး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီအနေဖြင့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသ သတ်မှတ်တင်ပြထားပြီးဖြစ်သည့် မြို့နှင့်ကျေးရွာအုပ်စုများ ထပ်မံတင်ပြလာသည့် မြို့နှင့်ကျေးရွာ အုပ်စုများအား အခြေခံအချက် ၁၁ ချက်နှင့် ညီညွတ်မှုရှိ /မရှိ စိစစ်ပြီး အခြေခံအချက်များနှင့် ညီညွတ်သည့် ဒေသများကို ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသအဖြစ် ဒေသအုပ်စု သုံးအုပ်စု သတ်မှတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ။
သို့ဖြစ်ပါ၍ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသများကို ကျန်မြို့နယ်များရဲ့ လုံခြုံရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ ရာသီဥတုနှင့် လူမှုစီးပွားအခြေအနေတို့ကို ပြန်လည်သုံးသပ် နိုင်ရန်အတွက် နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်စိစစ်ရေးကေ်မတီများက အခြေခံအချက် ၁၁ ချက် နှင့် အညီ စိစစ်တင်ပြစေခြင်း၊ ရရှိလာသည့်အချက်အလက်များကို သုံးသပ်ဆွေးနွေးခြင်း၊ ဒေသစရိတ် ခံစားခွင့်ရှိသည့် ဒေသများကိုလိုအပ်သလို တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းများ၊ ပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လတ်တလောမှာတော့ လက်ရှိ ဆောင်ရွက်သည့်အချိန်များတွင် မရှိသေးသည့်အတွက် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပေါင်းစပ်ဖြေကြားခြင်းများအရ ပြန်လည်ဖြေကြားခဲပါသည်။
ဦးမြင့်ထွန်း(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအနေဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဒုတိယပုံမှန်အစည်းအဝေးနှင့် ယခုကျင်းပနေသည့် တတိယပုံမှန်အစည်းအဝေးများ၏ အတွေ့အကြုံများအရ နိုင်ငံ့ဝန်ထမ်းများ အတွက် လစာနှင့်စရိတ် ချီးမြှင့်ငွေများ၊ ထောက်ပံ့ကြေးများ ဒေသစရိတ်များ ပြင်ဆင်သတ်မှတ် တိုးမြှင့်ပေးရန် အစီအစဉ်လောလောဆယ်တွင် မရှိသေးသည်ကို နားလည်သဘောပေါက်ပါကြောင်း၊ လစာတိုးရင် ကုန်ဈေးနှုန်းတက်မည်သည့် သဘောတရားကလည်း ရှိနေပြန်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ခေတ်ကာလကို အပြေးလိုက်၍ မမီနိုင်သော လစာနှုန်းထားများနှင့် မိသားစုဘဝရပ်တည်နေရသည့်အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ အနိမ့်ဆုံး ရုံးအကူ၊ လုပ်သား၊ အထွေထွေသန့်ရှင်းရေး၊ အစောင့်၊ ရေ၊ မီးစသည့် အောက်ခြေဝန်ထမ်းတစ်ဦး၏ ခံစားခွင့်မှာ လစာ ၁၄၄,၀၀၀ ကျပ်၊ ဘွဲ့ဒီပလိုမာကြေးမရှိ အိမ်ငှားစရိတ် တစ်လ ၁၁,၅၂၀ ကျပ်၊ ထောက်ပံ့ကြေးကျပ် ၉၀,၀၀၀ ၊ တစ်လ စုစုပေါင်း ၂၄၅,၀၀၀ ကျပ်ခန့် ရရှိပါကြောင်း၊ တစ်ရက်လျှင် ၈,၀၀၀ ကျပ်နှုန်း ချွေတာသုံးစွဲပါက မိသားစုထမင်း တစ်ရက် နှစ်နပ် မဝနိုင်ပါကြောင်း၊ အလယ်အလတ်အဆင့် ဦးစီးမှူးတစ်ဦးယောက်၏ ခံစားခွင့်မှာ လစာ ၂၃၄,၀၀၀ ကျပ်ဖြစ်ပြီး ဘွဲဒီပလိုမာကြေး ကျပ် ၂၅,၀၀၀၊ ၃၀၀၀၀ စသည်ဖြင့် အိမ်ငှားစရိတ် တစ်လကျပ် ၁၈,၇၂၀ ထောက်ပံ့ကြေးကျပ် ၉၀,၀၀၀ တစ်လစုစုပေါင်း ၃၆၇,၀၀၀ ကျပ်ခန့်ရရှိမှာဖြစ်ပြီး တစ်ရက်လျှင် ၁၂၅၀၀ ကျပ်နှုန်းဖြင့် ချွေတာသုံးစွဲပါက မိသားစုထမင်းနှစ်နပ် မဝနိုင်ပါကြောင်း၊ အမြင့်ဆုံးညွှန်ကြားရေးမှူးချုပ်အဆင့်၏ လစာသည် ၅၅၀၀၀၀ ကျပ်ဖြစ်ပြီး ဘွဲ့ဒီပလိုမာကြေး ၂၅,၀၀၀, ၃၀၀၀၀ ကျပ် အိမ်ငှားစရိတ် ၄၄,၀၀၀ ကျပ်၊ ထောက်ပံ့ကြေး ၉၀,၀၀၀ ကျပ်၊ တစ်လစုစုပေါင်း ၇၁၄,၀၀၀ ကျပ်ခန့်ရရှိမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ရုံးထိုင်ရမည် ဖြစ်ပါကြောင်း၊ ပြင်ပတွင် နေ့စား အလုပ်ကြမ်းသမားတစ်ဦး သို့မဟုတ် ကောက်စိုက်သမတစ်ဦး၏ နေ့တွက်စရိတ် အနည်းဆုံး တစ်ရက် ၂၀,၀၀၀ ကျပ် ကျွမ်းကျင်လုပ်သားတစ်ဦး တစ်ရက် ၃၀,၀၀၀ ကျပ်နှုန်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်စုံတစ်ခုစီစဉ်ပေးရန် လိုအပ်မည်ဟု ယူဆသည့်အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းများ မိမိ၏ရာထူးအဆင့်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသောဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးကို ၀၃၁၄ အစား အစာနှင့် ရိက္ခာငွေစာရင်းခေါင်းစဉ် အောက်မှ တစ်လလျှင် ၁၅၀,၀၀၀ ကျပ် သို့မဟုတ် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် လစဉ်ခံစားခွင့်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့် မည်သည့်ကာလမှစ၍ ခံစားခွင့်ပြုမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က လစာစရိတ်တိုးမြှင့်ရေးနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြထားသည်များ ရှိပါကြောင်း၊ ၎င်းအပေါ် နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးမြှင့်ရေးနှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့မှ ရရှိလာသည့်အကောက်အခွန်နှုန်းထား အခွန်အကောက်ရရှိမှု ဘဏ္ဍာငွေဖြန့်ခွဲမှုတွင် မူတည်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆက်စပ်ပြီး ဖြေကြားသွားမည်ဖြစ်သည့်အတွက် အစိုးရအဖွဲ့သို့ တင်ပြပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
#News #Myanmar

No comments:
Post a Comment