သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက် ဟိုက်ဂျက်တွေ (၁၀၀)ဖိုး (၄)စီးဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက် ဟိုက်ဂျက်တွေ (၁၀၀)ဖိုး (၄)စီးဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ


၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ အမှာစကား မှာ "မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန် များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါက နိုင်ငံတော်အကြီးကအဲက ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေကို သိရှိတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ အဖြေရှာကြရန်တိုက်တွန်းတယ်လို့ ယူဆရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်၏ စီးပွားရေးစနစ်ဖြစ်သည် လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင်ပုံဖော်နေတယ်ဆိုရင် အလွန်အကြူးထိန်းချုပ်နေတဲ့ အခြေအနေတွေ ရင်ဖွင့်ပြောဆိုတာမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ လုပ်ငန်းရှင်များဆိုသည်မှာ အစိုးရနဲ့ ပတ်သက်လို့ သူတို့ အဆင်ပြေနေသမျှကာလပတ်လုံး အသံမထွက်ပါဘူး။ သူတို့အပေါ် တာဝန်ရှိသူတွေက ညှိုးမှာ၊ လုပ်ငန်းတွေ ခွင့်ပြုချက်မရတော့မှာကို စိုးရိမ်ပြီး တော်တော်တန်တန် ကိစ္စဆိုရင်တော့ မြိုသိပ်ထားကြတာပဲ များပါတယ်။ သို့သော် သွင်းကုန်လိုင်စင်ရဖို့ကအစ အလွန်အမင်းလာဘ်ငွေပေးနေရတဲ့ အခြေအနေတွေကို ပြောဆိုလာကြသလို ပြည်သူလူထုကြားမှာလည်း ဆေးဝါးမှအစ ရှားပါးပြတ်လပ်မှုအခြေအတွေ ပြောဆိုလာကြတာကို ကြည့်ခြင်းအားဖြင့် ဈေးကွက်စီးပွားရေးကို ပျက်ပြားအောင် မူဝါဒတွေ တင်းကြပ်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေကို တာဝန်ရှိသူများသိမြင်နားလည်အောင် စာရေးသူ ရုပ်သံဆွေးနွေးတင်ပြတဲ့အခါမှာ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် ဟိုက်ဂျက်ကားတွေ (၁၀၀)ဖိုး (၃)စီး၊ သမ္မတကြီး ဦးမင်းအောင်လှိုင် လက်ထက် ဟိုက်ဂျက်ကားတွေ (၁၀၀)ဖိုး (၄)စီး၊ (၅)စီး ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ ဆွေးနွေးတင်ပြတဲ့အခါ ဆရာတော်များနဲ့ ပြည်သူများ စိတ်ဝင်စားကြပါတယ်။

တချို့ဆရာတော်တွေဆိုရင် ဖုန်းဆက်ပြီးတော့တောင် ပြောကြပါတယ်။ စာသင်တိုက်က ဆရာတော်တွေဆိုရင် ကျောင်းမှာ ဆွမ်း၊ ဆွမ်းဟင်းမလုံလောက်တဲ့အတွက် ဝယ်ယူချက်ပြုတ်ပြီး ကျွေးမွေးရတာဆိုတော့ ကန်စွန်းရွက်ဈေး၊ ချည်ပေါင်ရွက်ဈေးကပါ ထိုးတက်နေတာလို့ ဆက်သွယ်ပြောဆိုကြပါတယ်။ တင်ပြပုံတော့ ကောင်းပါတယ်။ ကိုယ့်အပေါ်ကို မလိုမုန်းထားဖြစ်ပြီး တရားစွဲတာတွေ ဘာတွေ လုပ်လာမှာကိုလည်း သတိထားဖို့ မိန့်ကြားကြပါတယ်။

ရုပ်သံကို ကြည့်ရှုပြီး မှတ်ချက်အမျိုးမျိုးပေးကြတာကိုလည်း တွေ့ရပါတယ် -

(၁) အခုဖြစ်နေတာက နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းနဲ့ ယာဉ်တွေ မသွင်းရပိတ်ပင်ပြီး ဂိတ်အဆင့်ဆင့်ဖြတ်ကျော်ပြီး နိုင်ငံအတွင်း အောက်ခြေပြည်သူထံရောက်မှ လိုက်ဖမ်းနေတာက ဘယ်သူတွေ မှားနေလဲ။

(၂) ဆိုင်ကယ်တောင် အနိမ့်ဆုံး သိန်း၅၀ ဖြစ်နေပြီ ညီရေ၊ လိုင်စင်မရှိရင် ဖမ်းပြီး ငွေညှစ်နေကြတော့ ဆိုင်တွေကပါ ဈေးတင်ရောင်းနေကြတယ်။

ဒီနေရာမှာ စာရေးသူအနေနဲ့ ဖြည့်စွက်ပြောချင်တာလေးတစ်ခု ပေါ်လာပါတယ်။ အမေရိကန်က အီရန်ကို တိုက်ခိုက်မှုတွေ စပြီ၊ ဟော်မုဇ်ရေလက်ကြားမှာ ပြဿနာတွေ ပေါ်ပေါက်လာတဲ့အချိန် အစိုးရက ကားတွေ စုံ၊မစနစ် ကျင့်သုံးခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ကျွန်တော်တို့ နေပြည်တော် MSMEs ကုန်စည်ပြပွဲများ ရောင်းချတဲ့ ဘက်ထရီဆိုင်ကယ်တွေဟာ ၃၂ သိန်းဈေးနှုန်းရှိပြီး အစိုးရက ကားတွေစုံ၊မ စနစ်ကျင့်သုံးမယ်။ ဆီကိုလည်း သတ်မှတ်ချက်နဲ့ ရောင်းပေးမယ်လို့ ထုတ်ပြန်လိုက်တဲ့အချိန်မှာ ၃၂ သိန်းဆိုတဲ့ ဘက်ထရီဆိုင်ကယ်များ ရအုံးမလားလို့ ကိုကျော်စိုးဦးနဲ့ ကျွန်တော် ပျဉ်းမနားမြို့ထဲ သွားရောက်စုံစမ်းကြည့်တဲ့အခါ ၅၂ သိန်း ဖြစ်သွားပြီ။ ပစ္စည်းမရှိတော့ဘူးလို့တောင် ဆိုင်များက ပြောလိုက်ပါတယ်။ 

စီးပွားရေးသမားဆိုတာက အဝယ်လိုက်ရင် လိုက်သလို၊ ပစ္စည်းရှားရင် ရှားသလို ဈေးတင်ရောင်းတာ သူတို့ရဲ့ ဈေးကွက်စီးပွာရေးပဲဖြစ်ပါတယ်။ ဒါကို အပြစ်တင်လို့ မရပေမယ့် ပြည်သူများမှာတော့ ၃၀ တန်တဲ့ ပစ္စည်းကို ၅၀ ပေးဝယ်ရတဲ့ အခြေအနေဖြစ်သွားပါတယ်။

မှတ်ချက် (၃) ဘယ်လောက်ပြောပြော၊ ဘယ်လိုပြောပြော နားလည်းမကြား၊ မြင်လည်း မမြင်ကြပါဘူး။ နားပင်းယောင်ဆောင်၊ မျက်ကန်းယောင်ဆောင်နေကြပြီး ပြည်သူတွေ မျက်ဖြူဆိုက်လေ၊ သူတို့ အာဏာပိုင်တွေ ကြိုက်လေပါပဲဗျို့။

(၄) ဦးသိန်းစိန်ခြေရာကို မှီဖို့လား၊ ဝေးပါသေးရဲ့ဗျာ

(၅) ကား ကောင်းကောင်းစီးရအောင် နယ်စပ်သွားနေရမလို ဖြစ်နေပြီ

(၆) လူနည်းစုအတွက်ပဲကြည့်တယ်၊ ပြည်သူ့ဆန္ဒလျစ်လျှူရှုသလိုဖြစ်နေ၊ မော်တော်ယာဉ်မူဝါဒ ပြန်လည်ဆန်းစစ်သင့်။

ဒါက မှတ်ချက်အနည်းငယ်ကိုသာ ကောက်နှုတ်တင်ပြတာပါ။ တချို့ (၁၀၀)ဖိုး (၄)စီး မလုပ်ပါနဲ့၊ တစ်စီး (၁၀၀) ဆိုရင်ရပါပြီ ဆိုတဲ့ အအခြေအနေမျိုး ပြောဆိုကြတာလည်း တွေ့ရပါတယ်။ တချို့က ဆိုးရွားတဲ့ မှတ်ချက်တွေပေးတာမျိုးလည်း တွေ့ရပါတယ်။

လုပ်လို့ရတယ်၊ လုပ်လို့မရဘူးဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိပါတယ်။ လုပ်လို့ ရခြင်း၊ မရခြင်းက အစိုးရရဲ့ မူဝါဒအပေါ်မှာပဲ မူတည်တယ်လို့ မြင်မိပါတယ်။ 

တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး ဖြစ်လာဖို့ စတင်ခဲ့တာ ပြည်ခိုင်ဖြိုးမဟုတ်ပါဘူး။ ရွှေပြည်တံခွန် ကုမ္ပဏီက စပြီး ဖုန်းဆင်းကတ်တွေ ၅ထောင်နဲ့ ထုတ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ NDF ပါတီက ကိုယ်စားလှယ်တွေက အဲဒီကိစ္စအတွက် လွှတ်တော်မှာ ဆွေးနွေးမေးမြန်းကြပါတယ်။ အစောပိုင်းမှာတော့ အာဏာရပြည်ခိုင်ဖြိုးဘက်က အင်တင်တင် လုပ်နေခဲ့ပါတယ်။ လူထုကြားမှာ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်လာတော့ ဒါကို စဉ်းစားပေးလာတဲ့ အခြေအနေကြောင့် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ မှာ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ချထားပေးပြီး ပြည်သူတွေ ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုပဲ သာဓကထားပြီး ကြည့်ပါ။ ယခင်က ပြည်သူများမှာ ဖုန်းကိုင်တဲ့သူကို ငေးကြည့်နေရတဲ့ အဖြစ်၊ ဖုန်းကတ်လေးရဖို့ သိန်းဆယ်ချီပေးနေရတဲ့ အခြေအနေကနေ လူတန်းစား အလွှာပေါင်းစုံ အသုံးပြုနိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိခဲ့ပါတယ်။

မော်တော်ယာဉ်များနဲ့ ပတ်သက်လို့လည်း ထိုးနည်းလည်းကောင်းပါပဲ။ ယခုလွှတ်တော်မှာ ပြည်သူများက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ကြီးများက ဝစ်သောက်ကား၊ ဝစ်သောက်ဆိုင်ကယ်တွေ စိစစ်ပြီး သတ်မှတ်အခွန်နှုန်းထားဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ မေးမြန်းကြတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန ဘက်ကလည်း ပြတ်ပြတ်သားသားပါပဲ။ လုပ်မပေးနိုင်ပါဘူးတဲ့။ ဒီနေရာမှာ ကားတွေ ဆိုင်ကယ်တွေ ဝစ်သောက်ဆိုပြီး ဖမ်းဆီးခံရ၊ ရေထဲမိုးထဲမှာ အဟောသိကံပျက်စီးဆုံးရှုံးသွားတာတွေ များစွာ တွေ့မြင်ခဲ့ရဖူးပါတယ်။ ရဲစခန်းတွေမှာ၊ တရားရုံးတွေမှာ ဖမ်းဆီးရမိ ကား၊ဆိုင်ကယ် ဝစ်သောက်တွေကို နေပူပူမိုးရွာရွာ ဒီအတိုင်းပဲ ပစ်ထားကြပါတယ်။ အဲဒီအထဲကမှ အသုံးဝင်တဲ့ ပစ္စည်းလေးတွေကို ဖြုတ်ယူ၊ ဖြုတ်ရောင်း လုပ်ကြတာလည်း ရှိပါတယ်။ ပြည်သူတွေမှာ တန်ကြေးထက် ဒဏ်ကြေးက များနေတဲ့အခါ (ဒဏ်ကြေးမတတ်နိုင်တော့တဲ့အခါ) ဆုံးရှုံးခံလိုက်ကြတယ်။ ဒါတွေကို ဖမ်းဆီးထားတဲ့သူတွေကလည်း ဒီပစ္စည်းတွေအပေါ်မှာ တာဝန်ယူစရာမလိုဘူး။ တာဝန်ခံစရာမလိုဘူး။ ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရမယ်ဆိုတဲ့ ညွှန်ကြားချက် မရှိလို့ပဲလား။ နေပူပူ မိုးရွာရွာ ဒီအတိုင်းပဲ ပစ်ထားလိုက်ကြပါတယ်။ အဲဒီလိုနဲ့ ပျက်စီးဆုံးရှုံးသွားတာတွေကလည်း ထောင်ဂဏန်း၊ သောင်းဂဏန်းမကပါဘူး။ နောက်ဆုံးတော့ ကုလားပဲ အရည်ကြိုဈေးနဲ့ ရပြီး အမြတ်ထွက်သွားရတာဖြစ်ပါတယ်။

ကား၊ ဆိုင်ကယ် ဝစ်သောက်တွေ မှတ်ပုံတင်ပေးဖို့ ပြောရင် ကာလုပ်ငန်းရှင်ကြီးတွေ၊ ဆိုင်ကယ်တပ်ဆင်ဖြန့်ချိနေတဲ့သူတွေက မကြိုက်ချင်ပြန်ဘူး။ သူတို့ လုပ်ငန်းကို ထိခိုက်တယ်ပေါ့။ သူတို့လုပ်ငန်းက ပြည်သူလူထု ဘယ်လောက်အတိုင်းအတာထိ သက်သက်သာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေသလဲ။ ဒါကိုလည်း ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ သူတို့ဆီက တပ်ဆင်ထုတ်လုပ်တဲ့ အရေအတွက်ဟာ ပြည်သူလူထု လိုအပ်ချက်ရဲ့ ဘယ်လောက်အတိုင်းအတာထိ ရှိနေလဲ။ ပြည်သူလူထု လိုအပ်ချက်က သန်းနဲ့ချီနေပြီး သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက ထောင်ဂဏန်းလောက်သာဆိုရင် ဂျေဝင်ဖို့ မလိုပါဘူး။ စီးပွားရေးသမားတွေပဲ၊ ဈေးကွက်စီးပွားရေးစနစ်ထဲမှာ အပြိုင်အဆိုင် ရုန်းကန်ရဲရမှာ ဖြစ်ပါတယ်။ အများပြည်သူအတွက် ဈေးကွက်ထဲကို အကောင်းဆုံးအရည်အသွေးနဲ့ အသက်သာဆုံးဈေးနှုန်းနဲ့ ဖြန့်ချိပေးနိုင်အောင် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အစိုးရအပိုင်းက တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ မျက်နှာကိုပဲ ကြည့်ပြီး အများပြည်သူရဲ့ အခက်အခဲကို ထည့်သွင်းစဉ်းစားပေးလိုခြင်း မရှိဘူးဆိုရင် လူတစ်စုအကျိုးသာ ကြည့်တဲ့အစိုးရဖြစ်နေမှာပါ။

ဒီရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေနဲ့ ပတ်သက်လို့ ၂၀၂၅ ရွေးကောက်ပွဲကာလ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက "ခင်ဗျားတို့ မဲသာပေး၊ တကယ်လုပ်ပေးမှာ၊ လုပ်မပေးရင် မင်းသားကြီးက လက်သီးနဲ့ထိုးမယ်လို့ ပြောနေပြီဗျာ၊ လက်သီးနဲ့တော့ အထိုးမခံဘူး၊ တကယ်လုပ်ပေးမှာ" ဆိုတဲ့ ရုပ်သံကို ပြည်သူများကြားမှာ ပြန်လည်ဖြန့်ဝေလာကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ၂၀၂၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ -

ကုန်ဈေးနှုန်းတည်ငြိမ်ရေးကဏ္ဍ (အခြေခံစားဝတ်နေရေးအဆင်ပြေစေရေး)

၁၃။ အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်မည်-

(က) လက်ရှိအခြေအနေအရ မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

- (၁) ကုန်စည်စီးဆင်းမှုလျင်မြန်မှန်ကန်မှုကိုဟန့်တားနေသည့် အတားအဆီးများဖယ်ရှား ဆောင်ရွက်မည်။

- (၂) ကုန်ဈေးနှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်မကျော်လွန်အောင် လိုအပ် သောဥပဒေများဖြင့်ထိန်းကျောင်းဆောင်ရွက်မည်။

- (၃) အခြေခံစားကုန်များအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်အောင် အလေးထား ဆောင်ရွက်မည်။

- (၄) ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်တို့အတွက် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ လက်ကား ဖြန့်ချီရေးဇုန်များ ဖော်ဆောင်၍ ရောင်းအားနှင့်ဝယ်အား (Supply and Demand) တည်ငြိမ်အောင် ဆောင်ရွက်မည်။

- (၅) စားသုံးသူများ ဈေးနှုန်းသက်သာမှုရှိစေရန် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော ပြည်သူ့အခြေခံ စားသောက်ကုန်လုပ်ငန်းများ၏ အခွန်အခများကို သက်သာအောင် လျှော့ချပေးမည်။

- (၆) ဒေသတစ်ခုမှတစ်ခုသို့ ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်အောင် ဆောင်ရွက်ပေး မည်။


(ခ) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

- (၁) ကုန်ထုတ်လုပ်ငန်းများတွင် လက်ရှိအခြေအနေထက် လျှပ်စစ်နှင့်စွမ်းအင်ပိုမိုဖူလုံစေ ရေးကိုရှေးရှုဆောင်ရွက်မည်။

- (၂) စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်မည်။

- (၃) ပြည်တွင်း/ပြည်ပက ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးမည်။

- (၄) ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ ပိုမိုတိုးတက်အောင် ချေးငွေနှင့်အရင်းအမြစ်များ ကူညီ ဆောင်ရွက်ပေးမည်။

- (၅) ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်မှန်ကန်အောင် ဆောင်ရွက် ပေးမည်။

- (၆) ဒေသအလိုက်/ ရပ်ကွက်/ ကျေးရွာအလိုက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ပေးမည်။

- (၇) ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ဒေသအလိုက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုး တက်အောင်ဆောင်ရွက်ပေးမည်။

ဒီလိုပြဆိုထားပါတယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲကာလ ကတိကဝတ်တွေဟာ အလေးထား ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလို ကတိကဝတ်ပြုထားတာကို မျှော်လင့်ပြီး ပြည်သူများက မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအာဏာရတဲ့ ဒီမိုကရေစီ ပထမသက်တမ်းမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ထင်ဟပ်စေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးခဲ့တယ်။ ရွေးကောက်ပွဲ ကာလမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် အခြေအနေထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ နှုတ်ကတိတွေလည်း ရွေးကောက်ခံကိုယ်စားလှယ်ကြီးတွေ ပေးခဲ့ကြပါတယ်။

ဆိုရင် စာရေးသူက အလွယ်ကူဆုံး မြင်သာအောင်ပြောခြင်းဖြစ်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဟိုက်ဂျက်ကားတွေ (၁၀၀)ဖိုး (၃)စီး ဆိုရင် သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဟိုက်ဂျက်ကားတွေ (၁၀၀)ဖိုး (၄)စီး မရနိုင်ဘူးလား။ ရနိုင်တာပေါ့။ မရနိုင်အောင် ချုပ်ကိုင်ထားခြင်းကြောင့် မရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် အပြောင်းအလဲလုပ်ရတာက ပိုမိုခက်ခဲပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့က အလုံးစုံချုပ်ကိုင်ထားတဲ့ အခြေအနေကနေ ဖြေလျှော့ပေးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေက ဖြေလျှော့ထားတဲ့ မူဝါဒတွေကို ပြန်ပြီးချုပ်ကိုင်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ လက်ဝါးကြီးအုပ် စီးပွားရေးသမားတချို့ရဲ့ ပယောဂလည်း ပါနိုင်ပါတယ်။ 

ဟိုက်ဂျက်ဆိုတာက ရွေးကောက်ပွဲကာလ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ပြောခဲ့တာကို ထင်ရှားအောင် ပြောပြတာပါ။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်း ဟိုက်ဂျက်တွေ (၁၀၀)ဖိုး (၃)စီး ရအောင် လုပ်ပေးခဲ့တဲ့ အစိုးရလို့ ပြောဆိုခဲ့ကြပါတယ်။ ခေတ်ကာလအခြေအနေအရ ဟိုက်ဂျက်တွေ ခေတ်မရှိတော့ရင်တောင် အခြေခံလူတန်းစာ ပြည်သူ အသုံးပြုတဲ့ ကား၊ ဆိုင်ကယ်၊ လယ်ယာသုံးပစ္စည်းတွေဟာ အလွန်အမင်း တန်ဖိုးမြင့်နေတာမျိုး မဖြစ်အောင်၊ လွယ်ကူစွာ တရားဝင် ဝယ်ယူအသုံးပြုနိုင်အောင် စီမံပေးဖို့ပဲဖြစ်ပါတယ်။ အစိုးရက တရားမဝင် ကုန်သွယ်မှုတွေကို လုံးဝခွင့်မပြုဘူးဆိုရင် တရားဝင် ကုန်သွယ်ခွင့်ကို လွယ်ကူသည်ထက် လွယ်ကူလျှင်မြန်အောင် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိပါတယ်။

စာရေးသူရဲ့ ရေးသားတင်ပြချက်ဟာ စိတ်ကူးယဉ်ဆန်နေတယ်ဆိုရင်လည်း နားလည်ပေးပါ။ ရေးသားပြဆိုချက်တွေဟာ လူတစ်စုအတွက်သာ ရည်ရွယ်ခြင်းမဟုတ်ဘဲ ပြည်သူများရဲ့ အခက်အခဲအကြပ်အတည်းတွေကို ပြေလည်အောင် ဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်လူမှုဘဝ ဖြစ်ပေါ်တိုးတက်မှုတွေဟာ စိတ်ကူးယဉ်က စတင်ပါတယ်။ တီထွင်ဖန်တီးထုတ်လုပ်မှုတွေလည်း စိတ်ကူးနဲ့ ပုံဖော်ပြီးမှ လက်တွေ့ဖြစ်လာခဲ့တာပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဖြစ်မလာအောင် တားဆီးထားတဲ့ အရာတွေကြောင့် ဖြစ်ဖို့နှောင့်နှေးကြန့်ကြာရတာမျိုး ဖြစ်တတ်ပါတယ်။ အစိုးရက ချုပ်ကိုင်မှုတွေ များနေရင် ဝန်ထမ်းတွေအတွက် အဂတိလိုက်စားဖို့ အခွင့်အရေးဖန်တီးပေးရာရောက်သလို အများပြည်သူကို အခက်တွေ့အောင် လုပ်ရာရောက်ပါတယ်။ ပြည်သူလူထု လိုအပ်ချက်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဈေးကွက်စီးပွားရေးစနစ် လမ်းကြောင်းအတိုင်း လွယ်ကူလျှင်မြန်အောင် ဆောင်ရွက်ပေးမယ်ဆိုရင် အဂတိတွေ လျော့ပါးသွားမှာ ဖြစ်သလို ပြည်သူများလည်း ကုန်ပစ္စည်းရှားမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကနေ သက်သာရရမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)