အောက်တိုဘာ - ၁၉ ( တနင်္လာနေ့ )
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဗြိတိန်နိုင်ငံမှာ အသစ်ပေါ်လာတဲ့ အလုပ်အကိုင် ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားတွေပဲ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပြီး၊ ဗြိတိန်နိုင်ငံသား သန်းနဲ့ချီကတော့ အလုပ်လက်မဲ့ ဖြစ်နေပြီးထောက်ပံ့ကြေးတွေနဲ့သာ ဆက်ပြီး ရပ်တည်နေကြဆဲဖြစ်တယ်လို့ လူမှုတရားမျှတမှု စင်တာ (CSJ) လို့ခေါ်တဲ့ သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အကုန်အထိ အလုပ်သမားစာရင်းဇယားတွေထဲ တိုးလာခဲ့တဲ့ အလုပ်အကိုင် ၃ ဒသမ ၇ သန်းထဲမှာ ဗြိတိန်နိုင်ငံသားတွေက ၇၃၄,၀၀၀ သာ ပါဝင်ခဲ့တယ်လို့ အဆိုပါ ဗြိတိန်သုတေသန အဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အီးယူ နိုင်ငံသားတွေက အလုပ်အကိုင် ၄၀၈,၀၀၀ ရရှိခဲ့ပြီး၊ ကျန်တဲ့ ကမ္ဘာ့နေရာအသီးသီးက လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ခန့်မှန်းခြေ ၂ ဒသမ ၅ သန်းလောက်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
“အလုပ်ရှင်တွေအနေနဲ့ ပြည်ပလုပ်သားအင်အားကို ယခင်ကနဲ့မတူအောင် လွယ်လွယ်ကူကူ ရယူသုံးစွဲနိုင်ခဲ့ကြပေမဲ့၊ အခွန်ထမ်းတွေကတော့ ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်နေရတဲ့အတွက် တိုးပွားလာတဲ့ ကုန်ကျစရိတ်တွေကို ပခုံးပြောင်း ထမ်းဆောင်နေရပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ဗြိတိန်အလုပ်သမားနဲ့ ပင်စင် ဝန်ကြီးဟောင်း လီယံဒန်ကန် ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တဲ့ အဓိက စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက်ဟာ ကျွမ်းကျင်မှုနည်းပါးတဲ့ ပြောင်းရွှေ့အလုပ်သမားတွေကိုသာ အဓိက အားကိုးခဲ့ကြပြီး၊ ဗြိတိန်နိုင်ငံသား သန်းနဲ့ချီကိုတော့ လူမှုဖူလုံရေးစနစ်ကနေ “လက်လွှတ်စွန့်လွှတ်ခဲ့ကြတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်ကစပြီး အီးယူမဟုတ်တဲ့ နိုင်ငံခြားသားတွေရဲ့ အလုပ်အကိုင်ပေါင်း ၂ ဒသမ ၁ သန်းအထိ မြင့်တက်လာခဲ့ပြီး၊ တစ်ဖက်မှာလည်း အလုပ်လက်မဲ့ ထောက်ပံ့ကြေး တောင်းခံနေသူ အရေအတွက်က ၂ ဒသမ ၃ သန်းအထိ တက်လာခဲ့ပါတယ်။ အဲဒီလို အလုပ်အကိုင် တိုးတက်လာမှုအများစုဟာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ဧည့်ဝတ်ပြုရေးနဲ့ လက်လီအရောင်းဆိုင် လုပ်ငန်းတွေမှာ အဓိက စုဝေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment