ကျိုက်ထို၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၂၆ရက် နံနက် ( ၅ ) နာရီ (၃၀)မိနစ်အချိန်၌ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်ရှိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီတော်ဩဝါဒ စရိယဆရာတော် အမှူးပြုသော ဆရာတော် အရှင်သူမြတ်တို့အား မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များမှ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဩဝါဒစရိယဆရာတော်များက ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ဩဝါဒစရိယဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူ ဆောက် တည်၍ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားကို ရုတ်သိမ်းကာ စေတီတော်မြတ်အား ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဖူးလာပြည်သူများက ဩဝါဒဆရာတော်များနှင့်၊ ရင်ပြင်တော်ရှိ ကျောင်းတိုက်ဆရာတော်တို့အား ဆွမ်းဆန်စိမ်းနှင့်အတူ လှူဖွယ်ဝတ္ထုများအားလောင်းလှူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အထက်ခြင်္သေ့နှစ်ကောင်မုခ်ဦးအနီးရှိ အများသုံးအခမဲ့သန့်စင်ခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
#News #Myanmar








No comments:
Post a Comment