အောက်တိုဘာ - ၂၂ ( ကြာသပတေးနေ့ )
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သုံးဦးဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမှာ သမိုင်းဝင် သုံးပွင့်ဆိုင် အစည်းအဝေး တစ်ခု လုပ်ဖြစ်လာနိုင်ခြေရှိတယ်လို့ ကရင်းမလင်းအကြံပေး ယူရီ အူရှာကော့က ပြောပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးကိုတော့ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဗုဒ္ဓဟူးနေ့က ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ ဗက်စတီ ကို ပြောကြားရာမှာ အူရှာကော့က ဒီဆွေးနွေးပွဲအတွက် ဘေဂျင်းဘက်က ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ဆိုပါတယ်။
“အားလုံးကတော့ လုပ်ဖို့ အသင့်ပါပဲ။ ဒါပေမဲ့ အများကြီးကတော့ (အားလုံးမဟုတ်တောင်မှပေါ့လေ) ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမယ့် တရုတ်ဘက်က ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
ကရင်းမလင်းရဲ့ အဆိုအရ ဒီသုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြောင်းအရာကို ဗုဒ္ဓဟူးနေ့က စိန့်ပီတာစဘတ်မြို့မှာ ပူတင်နဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်တော့ဖ်တို့ တွေ့ဆုံချိန်မှာ လည်း ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီလိုပုံစံမျိုးနဲ့ သုံးဦး ထိပ်သီးတွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်လာနိုင်တာမို့ အဆိုပါ အစည်းအဝေးဟာ 'သမိုင်းဝင်' ဖြစ်လာနိုင်တယ်လို့ အူရှာကော့က ဖွဲ့ဆိုပြောဆိုခဲ့ပါတယ်။
ပူတင်နဲ့ ထရမ့်တို့ဟာ နောက်ဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခဲ့တာကတော့ ၂၀၂၅ ခုနှစ် သြဂုတ်လတုန်းက အလက်စကားပြည်နယ်၊ အန်ကောရိတ်မြို့မှာ လုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲတုန်းက ဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှာလည်း ဖုန်းနဲ့ အဆက်အသွယ်ရှိခဲ့ကြရာမှာ နောက်ဆုံးတစ်ကြိမ်ကတော့ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment