စစ်တွေ ၊ အောက်တိုဘာ ၈
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင်သောလွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လေ့လာစိစစ်တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို ရပ်နားကြောင်းနှင့် စတုတ္တပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment