ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ချ တိုက်ခိုက်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ချ တိုက်ခိုက်ဖျက်ဆီး


ကျိုက်ထို၊ အောက်တိုဘာ ၂

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့်လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ ယုတ်မာရိုင်း စိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက်၊ ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံသို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ ဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ ည ၁၂ နာရီ ၁၀ မိနစ်၊ ညသန်းခေါင် အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အား ခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း(Control Room) ပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဓာတ်အား ထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်များနှင့် ပြတင်းတံခါးပေါက်မှန်များ ပျက်စီးခြင်း၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုတ်ပုံးများ (Control Panel)ကို ဗုံးစထိမှန်ခြင်း၊ ထိန်းချုပ် ကေဘယ်လ် ကြိုးများ (Control Cable) ပျက်စီးခြင်းနှင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးထား သည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကင်မွန်းစခန်း ဓာတ်အားခွဲရုံအား ၃၃ ကေဗွီ ကျိုက်ထို ဓာတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်၍ နောက်တစ်နေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေး နှင့် ဝင်းကလောကျေးရွာများမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများအား ဓာတ်အားအမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်း များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)