ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆွေတော် သံအမတ်ကြီးနှင့်အဖွဲ့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သံတမန်အတွေ့အကြုံကြွယ်ဝသည့် အဆွေတော်သည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ၁၉၇၅ ခုနှစ်မှ စတင်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် (၅၁) နှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ အာဆီယံမိသားစုဝင် နိုင်ငံများဖြစ်ကြသည့် မိမိတို့နှစ်နိုင်ငံသည် ရှည်လျားသည့် ချစ်ကြည်ရင်းနှီးသော သံတမန်ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းနိုင်ခဲ့ကြပါကြောင်း၊ ထို့အပြင် မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင်လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါကြောင်း။

 မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပါကြောင်း၊ မိမိတို့ပြည်သူ့လွှတ်တော်သည် လူဦးရေနှင့်မြို့နယ်ကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပါလီမန်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် မိမိတို့လွှတ်တော်တွင် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းထားပါကြောင်း၊ ထိုအဖွဲ့တွင် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့လည်း ဖွဲ့စည်းထားပြီးဖြစ်၍ မိမိတို့လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပါကြောင်း၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များမှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌအချင်းချင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ဆက်ဆံရေးအား တစ်ဆင့်ချင်းတိုးမြှင့်ဆောင်ရွက်လိုပါကြောင်း၊ ထို့အပြင် လွှတ်တော်ကော်မတီချင်းဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။

 ပြည်သူ့လွှတ်တော်နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်တို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ယခုတွေ့ဆုံမှုသည် ခြေလှမ်းအစဖြစ်ပါကြောင်း၊ ထို့အပြင် ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက်၍လည်း အဆွေတော်နှင့်ထပ်မံ၍ အသေးစိတ်ဆွေးနွေးလိုပါကြောင်း၊ အဆွေတော် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မိမိတို့နှစ်နိုင်ငံ၏ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Nguyen Anh Duc က ယခုလို ဂါရဝပြု တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် ခြောက်လတာကာလအတွင်း လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် ဂုဏ်ယူပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ယခင်နိုင်ငံ့ခေါင်းဆောင်ကြီးများ အဆက်ဆက်တွင်လည်း ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသည့် မိတ်ဆွေကောင်း နိုင်ငံများလည်းဖြစ်ကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပါကြောင်း၊ ထို့အပြင် လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုရေးနှင့် ကော်မတီများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့လွှတ်တော်၊ မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ပုံ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးမြင့်အောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)