မင့်စ်၊ အောက်တိုဘာ ၁၅
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ၁၃-၁၀-၂၀၂၆ ရက် (အင်္ဂါနေ့)၊ ၁၀၀၀ နာရီတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် International Strategic Session on Labour Market Digitalization ၏ Plenary Session သို့ ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် Automation နှင့် ဉာဏ်ရည်တု (AI) နည်းပညာများသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို တွန်းအားပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများ၏ သက်သာချောင်ချိရေးကို ကာကွယ်ရန်နှင့် ဒီဂျစ်တယ်အကျိုးအမြတ်များကို မျှတစွာ ခွဲဝေရရှိနိုင်ရေးအတွက် လူသားဗဟိုပြု Transition ကိုလည်း ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလာသော ဈေးကွက်လိုအပ်ချက်နှင့်အညီ အလုပ်သမားထု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လူသားအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနသည် အရည်အသွေးမြင့် သက်မွေးဝမ်းကျောင်းနှင့် နည်းပညာသင်တန်းများပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျွမ်းကျင်မှု သင်တန်းကျောင်းများကို တည်ထောင်ထားရှိပါကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးပညာပေးမှုများကို လုပ်ငန်းခွင်များအထိ တိုက်ရိုက်ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရန် သင်ထောက်ကူပြုမော်တော်ယာဉ် (Mobile Training Buses) များကို အသုံးပြုလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံချက် (၂၀၁၉-၂၀၃၃) ကို ရေးဆွဲလျက် တိကျစွာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဘယ်လာရုစ်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံအပါအဝင် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ပနိုင်ငံ (၂၈) နိုင်ငံမှ အမျိုးသားအလုပ်သမားသမဂ္ဂဗဟိုဌာန ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်သမားသမဂ္ဂများ၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂများ၊ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့အခြေစိုက် သံအမတ်ကြီးများနှင့် သံတမန်များ၊ ကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
#News #Myanmar


No comments:
Post a Comment