တောင်တွင်းကြီးမြို့နယ်၌ Mobile Internet Data အသုံးပြုခွင့် ဘာကြောင့်ပျက်တောက်ခဲ့ရတာလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၌ Mobile Internet Data အသုံးပြုခွင့် ဘာကြောင့်ပျက်တောက်ခဲ့ရတာလဲ


တောင်တွင်းကြီးမြို့နယ်၌ Mobile Internet Data အသုံးပြုခွင့်ကို မည်သည့်အချိန်ကာလတွင် မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ပြည်သူ့လွှတ်တော်တွင် ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး မဲဆန္ဒနယ်) မှ မေးမြန်းသည့်အပေါ်  ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင် က ဖြေကြားသည်။

ဦးသက်ဝင်းအောင် ၏ ဖြေကြားချက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လှုပ်ရှားမှုများကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လုံခြုံရေးနေရာများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တွင် အကြမ်းဖက်လုပ်ရပ်များလှုံ့ဆော်ခြင်း၊ အများပြည်သူ စိုးရိမ် ထိတ်လန့်မှုဖြစ်ပေါ်စေရန် မမှန်သတင်းဖြန့်ချိခြင်းများကို လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရမှုအနေဖြင့် Mytel တာဝါတိုင် ၏ System box ၂ လုံးကို ရှော့တိုက်ဖျက်ဆီးခြင်း၊ Mytel နှင့် U 9 တပ်ဆင်ထားသည့် တာဝါတိုင်မှ မီးစက် ၂ လုံးကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း ဖြေကြားထားသည်။

ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး မဲဆန္ဒနယ်) က ယနေ့တွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ Mobile Internet Data အသုံးပြုခွင့် ပြန်လည်ရရှိရေးအတွက် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်း သွားမည် ဖြစ်ပါကြောင်း၊ တောင်တွင်းကြီးမြို့သည် အရှေ့မှအနောက်သို့ ၂၇ မိုင်၊ တောင်မှ မြောက်သို့ ၂၅ မိုင်ရှည်လျားသည့် မြို့ဖြစ်ပါကြောင်း၊ ဧရိယာစတုရန်း မိုင်ပေါင်း ၇၆၀ ကျယ်ဝန်းပြီး တောင်တွင်းကြီးမြို့၏အရှေ့ဘက်တွင် တပ်ကုန်းမြို့နယ်၊ လယ်ဝေး မြို့နယ်၊ တောင်ဘက်တွင် ဆင်ပေါင်ဝဲ မြို့နယ်၊ အနောက်ဘက်တွင် မကွေးမြို့နယ်၊ မြောက်ဘက်မှာ မြို့သစ် မြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိပါကြောင်း၊ အဆိုပါနယ်နိမိတ်ထိစပ်နေသည့် မြို့နယ်များအားလုံးသည် Mobile Internet အသုံးပြုခွင့်ရကြပါကြောင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်း ၂၈၆ ရွာ၊ အိမ်ထောင်စုပေါင်း ၆၃,၄၇၇ နှင့် လူဦးရေပေါင်း ၂၈၃,၀၀၀ ကျော် တည်ရှိပါကြောင်း။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်း Mobile Internet အသုံးပြုခွင့်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့အချိန်ထိ ပြန်လည် အသုံးပြုခွင့်မရရှိကြကြောင်း၊ ယနေ့ခေတ်တွင် Internet ဆက်သွယ်ရေးသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်လာနေပါကြောင်း၊ ယခုလို Mobile Data အသုံးပြု ခွင့်ကန့်သတ်ခံထားရသည့် အတွက်ကြောင့် ဌာနဆိုင်ရာများ၏ e-Government လုပ်ငန်း များအောက်တွင် Online အစီရင်ခံစာပေးပို့ခြင်း၊ အချက်အလက်ရယူခြင်း၊ ဌာနချင်း ဆက်သွယ်ခြင်း တို့ကို နှောင့်နှေးခြင်းများဖြစ်ပေါ်နေရပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုများကို အချိန်နှင့် တစ်ပြေးညီ ပေးဆောင်ခြင်းလျော့နည်းနေရပါကြောင်း၊ အရေးပေါ်သတင်းအချက်အလက်များ ဖြန့်ဝေရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပေါ်တွင် လည်း ထိခိုက်မှုများ ရှိနေပါကြောင်း၊ စိုက်ပျိုးရေးဈေးနှုန်းများ၊ ရာသီဥတု၊ ကုန်သွယ်ရေး သတင်း အချက်အလက်များ အချိန်မီရရှိနိုင်ခြင်း မရှိကြကြောင်း၊ မိသားစုဆက်သွယ်ရေး အရေးပေါ် အခြေ အနေများတွင် Internet- based communication အသုံးပြုခွင့်မရရှိကြကြောင်း၊ ဒီဂျစ်တယ် ဝန်ဆောင်မှုများ အသုံးပြုခွင့်ကန့်သတ်ခံထားရသည့် အခြေအနေ ဖြစ်ပေါ်နေပါကြောင်း၊ထို့အတူ ပညာရေးတွင် ကျောင်းသူ ကျောင်းသားများ၏ Online Learning  ဖြင့်သုတေသန လုပ်ငန်း အချက် အလက်များအတွက် Data ရရှိနိုင်မှု ခက်ခဲနေပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ပညာရေး ဆိုင်ရာ သတင်းအချက်အလက်များ အချိန်မီမရရှိမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ တောင်တွင်းကြီးမြို့နယ်၏ MSMEs လုပ်ငန်းများသည် လည်း ၄,၀၀၀ ကျော်တည်ရှိပါကြောင်း၊ Online Marketing၊ Digital Marketplace များမှတစ်ဆင့် ဖောက်သည်များရှာနိုင်ရန် မိမိတို့ပြည်သူများ အခက်အခဲ ကြုံတွေ့ နေရပါကြောင်း၊ အရေးကြီးဆုံးအခက်အခဲမှာ Digital Payment ဖြင့်ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိတာဖြစ်ပါကြောင်း၊ Mobile Banking ၊ Mobile Wallet၊ QR Payment စသည်များ ကို အသုံးပြုရန် အခက်အခဲဖြစ်နေကြပါကြောင်း။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း Mobile Internet Data အသုံးပြုခွင့်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ပိတ်ပင်ထားရခြင်း၏ အကြောင်းအရင်းနှင့် လက်ရှိအခြေအနေတွင် ဆက်လက်ကန့်သတ်ထားရန် လိုအပ်ချက် ရှိ မရှိ သိလိုပါကြောင်း၊ လက်ရှိအချိန်တွင် ဒေသခံပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဌာနဆိုင်ရာ ဝန်ဆောင်မှု များ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် Mobile Data အသုံးပြုခွင့်ကို ပြန်လည် ဖွင့်လှစ် ပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိလိုပါကြောင်း၊ အကယ်၍ Mobile Data အသုံးပြု ခွင့်ကို ပြန်လည်ခွင့်ပြုပေးရန်အစီအစဉ် ရှိပါက မည်သည့်ကာလအချိန်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသက်ဝင်းအောင် က ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ပြီးဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ရှင်းလင်းဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း၊ တင်ပြပါပုံမှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ATOM၊ U9 နှင့် Mytel မှ မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်တပ်ဆင်ထားသည့်အခြေပြပုံဖြစ်ပြီး တောင်တွင်းကြီး မြို့နယ် အတွင်းတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၃၃ခု၊ ATOM မှ မိုဘိုင်းစခန်း ၄၂ခု၊ U9 မှ မိုဘိုင်းစခန်း ၃၄ခု ၊ Mytel မှ မိုဘိုင်းစခန်း ၄၉ ခု စုစုပေါင်း မိုဘိုင်းစခန်း ၁၅၈ ခု တည်ဆောက်တပ်ဆင်ပြီး  ဖိုင်ဘာ ဆက်သွယ်ရေး၊ မိုက္ကရိုဝေ့ဗ်အဝေးဆက်သွယ်ရေး ဆက်ကြောင်း စနစ်များဖြင့်ချိတ်ဆက်ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများရရှိအောင် ဆောင်ရွက်ပေးထားသည့် အခြေအနေပြပုံဖြစ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားမှုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတပ်မတော်မှ နိုင်ငံတော်အာဏာအား ထိန်းသိမ်းဆောင်ရွက်မှုကို ကျေနပ်မှုမရှိသည့် အစွန်းရောက်ပါတီများ၏ သွေးထိုးလှုံ့ဆော်မှု၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ မြှောက်ပင့်စည်းရုံးမှုများကြောင့် တောင်တွင်းကြီးမြို့နယ်ရှိ ပြည်သူအချို့သည် လက်နက်ကိုင် အဖွဲ့ အစည်းများရှိရာဒေသများမှာ လက်နက်ကိုင်အကြမ်းဖက် သင်တန်းများတက်ရောက်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့နှင့်အမြင်မတူသည့်သူများကို လုပ်ကြံသတ်ဖြတ် ခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ကြရာတွင် ၂ဝ၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူသေဆုံး ၂ ဦး ၊ ဒဏ်ရာရ ၁ ဦး၊ နိုင်ငံ့ဝန်ထမ်းသေဆုံး၂ ဦး ၊ အုပ်ချုပ်ရေးအဖွဲ့ဝင် သေဆုံး ၂၁ ဦး၊ ဒဏ်ရာရ ၃ ဦး တို့ရှိခဲ့ကြပါကြောင်း၊ ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လှုပ်ရှားမှုများကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လုံခြုံရေးနေရာများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တွင် အကြမ်းဖက်လုပ်ရပ်များလှုံ့ဆော်ခြင်း၊ အများပြည်သူ စိုးရိမ် ထိတ်လန့်မှုဖြစ်ပေါ်စေရန် မမှန်သတင်းဖြန့်ချိခြင်းများကို လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရမှုအနေဖြင့် Mytel တာဝါတိုင် ၏ System box ၂ လုံးကို ရှော့တိုက်ဖျက်ဆီးခြင်း၊ Mytel နှင့် U 9 တပ်ဆင်ထားသည့် တာဝါတိုင်မှ မီးစက် ၂ လုံးကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း။

တင်ပြပါပုံမှာ တောင်တွင်းကြီးမြို့နယ်အတွင်း FTTH ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှု ပေးသော ကုမ္ပဏီ ၅ ခုအား မြို့နယ်အတွင်း ရပ်ကွက် ၁ဝ ရပ်ကွက်၊ ကျေးရွာ ၂၅ ရွာ၊ အိမ်ခြေ ၆,ဝ၁၂အိမ်သို့ အင်တာနက်ဝန်ဆောင်မှုပေးထားသည့် အခြေပြဇယားဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများနှင့် အများပြည်သူ လူမှုစီးပွားဘဝ၊ ပညာရေး၊ MSMEs လုပ်ငန်းများ၊ Digital Payment ငွေကြေးဝန်ဆောင်မှုများ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များတွင် ဆက်သွယ်မှု အဆင်ပြေစေရန် Global Link ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၊ Top Net ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၊ MPT ဖိုင်ဘာအင်တာနက် ဝန်ဆောင်လုပ်ငန်း၊ Fiber Life ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် Mytel ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်  မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ FTTH ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုများ ထပ်မံလိုအပ်ချက်များရှိပါက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်တွင်းကြီးမြို့နယ်အတွင်းတွင် နယ်မြေလုံခြုံရေးအခြေအနေများပေးပါက ပျက်စီးသွားသောတာတိုင်များ၊ မိုဘိုင်းစက်ပစ္စည်းများ၊ မီးစက်များအားပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပုံမှန်ရရှိစေရေးစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြား ခဲ့သည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)