အေပတ်(APEC) အစည်းအဝေးဆိုတာ နိုင်ငံကြီးတွေ ဈေးကွက်ရှာနေတာမို့လို့ ထရမ့်-ပူတင် ၂ကိုယ်ကြား ဆွေးနွေးပွဲက မသေချာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အေပတ်(APEC) အစည်းအဝေးဆိုတာ နိုင်ငံကြီးတွေ ဈေးကွက်ရှာနေတာမို့လို့ ထရမ့်-ပူတင် ၂ကိုယ်ကြား ဆွေးနွေးပွဲက မသေချာ


နိုဝင်ဘာ - ၁၉ ( ကြာသပတေးနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးအတွင်း သံတမန်ရေးရာ လှုပ်ရှားမှုတွေ အလုပ်များနေတဲ့ကြားက အခြားနိုင်ငံခေါင်းဆောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ နှုတ်ခွန်းဆက်စကားပြောတာနဲ့ ပွေ့ဖက်နှုတ်ဆက်တာတွေ ပြုလုပ်နေခဲ့ရပါတယ်။

အဲဒီတွေ့ဆုံမှုတွေထဲမှာ နှစ်နိုင်ငံကြား တရားဝင်ဆွေးနွေးပွဲတွေ ပါဝင်သလို ညနေပိုင်း ဧည့်ခံပွဲအတွင်း အချိန်တိုအတွင်း အလွတ်သဘော စကားပြောဆိုမှုတွေလည်း ပါဝင်ပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ ကြာသပတေးနေ့မှာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် သုံးနိုင်ငံခေါင်းဆောင် ပူးတွဲတွေ့ဆုံဖို့ ရှိနေတဲ့အချိန် မတိုင်ခင်မှာ ဖြစ်ပွားနေခဲ့တာပါ။

ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ နှစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ အစပိုင်းမှာ နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တွေနဲ့အတူ ဆွေးနွေးခဲ့ကြပြီးနောက် အလုပ်သဘောအရ မနက်စာစားရင်း ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ 

ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို “ချစ်ခင်ရတဲ့ မိတ်ဆွေကြီး” လို့ ခေါ်ဝေါ်နှုတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာလည်း “တိုးတက်မြင့်မားလာနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်” လို့ ပြောဆိုခဲ့ပါတယ်။“ခင်ဗျား အမြဲပြောလေ့ရှိသလို ရုရှားပြည်သူတွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကျနော်တို့နှစ်နိုင်ငံဟာ ကျောချင်းကပ်ပြီး အတူတကွ လက်တွဲ လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံကြား ပိုမိုကျယ်ပြန့်လာနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေး၊ နည်းပညာနဲ့ နှစ်နိုင်ငံအကြား ခရီးသွားလာရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတကာတင်းမာမှုတွေ ရှိနေပေမဲ့ တရုတ်နဲ့ ရုရှားနှစ်နိုင်ငံဆက်ဆံရေးဟာ ခိုင်မာနေဆဲဖြစ်တယ်လို့ အလေးပေးပြောဆိုခဲ့သလို အာရှ-ပစိဖိတ်ဒေသအတွင်း တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် နှစ်နိုင်ငံအနေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇနီးဖြစ်သူ ဖုန်လီယွမ်တို့ဟာ APEC ထိပ်သီး အစည်းအဝေး ကို တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဂုဏ်ပြုဧည့်ခံတဲ့ ဧည့်ခံပွဲမှာ ရုရှားသမ္မတ ပူတင်ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံ့ခေါင်းဆောင်တွေ စုပေါင်းဓာတ်ပုံရိုက်ကူးဖို့ မတိုင်ခင်မှာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း လက်ဆွဲနှုတ်ဆက်ပြီး စကားအနည်းငယ် ပြောဆိုခဲ့ကြပါတယ်။ အဲဒီခဏတာ စကားပြောဆိုမှုမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း ပါဝင်ခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဒီထိပ်သီးအစည်းအဝေးအတွင်း နောက်ထပ် အကြိမ်ပေါင်းများစွာ စကားပြောဆိုဆွေးနွေးဖို့ ရှိနေတယ်လို့ ရုရှားသမ္မတရုံးရဲ့ လက်ထောက် ယူရီ ယူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်နှစ်ဦးစလုံးရဲ့ အစီအစဉ်တွေက အလုပ်များ နေတာကြောင့် နှစ်နိုင်ငံသီးသန့် တရားဝင်ဆွေးနွေးပွဲ ပြုလုပ်ဖို့ အချိန်အများကြီး ရနိုင်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မှတ်ချက်ပြုခဲ့ပါတယ်။

ဆွေးနွေးဖြစ်မယ်ဆိုရင် အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ ယူကရိန်းအရေး ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေး နိုင်ခြေရှိတယ်လို့ သိရပါတယ်။


REF: RT

#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)