၂၀၂၆ ခုနှစ် အာဆီယံဆု (ASEAN Prize 2026) ကို မြန်မာသုတေသီနှင့် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်လှလှအောင် ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆ ခုနှစ် အာဆီယံဆု (ASEAN Prize 2026) ကို မြန်မာသုတေသီနှင့် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်လှလှအောင် ရရှိ








မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဒေသတွင်းသိပ္ပံပညာရှင်တစ်ဦးအဖြစ် မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ဒေါ်လှလှအောင် (Ms Hla Hla Aung) အား ယခုနှစ်၏ အာဆီယံဆု (ASEAN Prize) ရရှိသူအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ပါသည်။ ၂၀၂၆ ခုနှစ် အာဆီယံဆုကို (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ Ferdinand Romualdez Marcos Jr. နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်း (Dr Kao Kim Hourn) တို့က မြန်မာနိုင်ငံအခြေစိုက် ဘူမိဗေဒနှင့် ငလျင်ပညာရှင်ဖြစ်သလို မြန်မာနိုင်ငံငလျင်ကော်မတီ၏ နာယကလည်းဖြစ်သူ ဒေါ်လှလှအောင်အား အာဆီယံဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အာဆီယံခေါင်းဆောင်များ၊ သံတမန်အဖွဲ့ဝင်များနှင့် ဒေသတွင်းမှ အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သော အာဆီယံဆုကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စီမံခန့်ခွဲပြီး Temasek Foundation က အဓိကပံ့ပိုးကူညီထားပါသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Ayala Foundation ကလည်း ပူးပေါင်းပံ့ပိုးပေးထားပါသည်။ အာဆီယံဆုသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ဒေသတွင်း အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးစိတ်ဓာတ်ကို ပျိုးထောင်ပေးနိုင်သည့် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ချက်ရှိသူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်ပါသည်။ ဆုရရှိသူအား အာဆီယံဆုတံဆိပ်နှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ချီးမြှင့်ပါသည်။

ဒေါ်လှလှအောင်သည် ဤဆုကို ကိုးဦးမြောက် ရရှိသူဖြစ်ပါသည်။ သိပ္ပံနည်းကျ သုတေသနပြုမှုနှင့် လူထုစွမ်းဆောင်ရည်မြှင့်တင်မှုတို့ကို ပေါင်းစပ်ပေးခြင်းဖြင့် ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာများကို လက်တွေ့ကျပြီး ရပ်ရွာလူထုဦးဆောင်သည့် ဖြေရှင်းနည်းများအဖြစ် ပြောင်းလဲအသုံးချနိုင်ရန် သူမ၏ ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတစ်ဝန်းတွင် ငလျင်ဘေးကြိုတင်ပြင်ဆင်မှု မြှင့်တင်ခြင်း၊ ဒေသတွင်းစွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုခဲ့ပါသည်။


အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်းက ဂုဏ်ပြုစကားပြောကြားရာတွင် ဒေသတွင်း သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးအတွက် ဒေါ်လှလှအောင်၏ တစ်သက်တာ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ၎င်းက “သူမ၏ ထူးခြားပြောင်မြောက်သော စွမ်းဆောင်ချက်များသည် မြန်မာ့လူ့အဖွဲ့အစည်းများကိုသာမက ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကိုဦးတည်သော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဟူသည့် ဘုံမျှော်မှန်းချက်ကို ဖော်ဆောင်နေသည့် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကိုပါ အထောက်အကူပြုပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ပံ့ပိုးထားသော သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာများသည် အာဆီယံပြည်သူများအတွက် အကျိုးရှိစေမည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော၊ အဓိပ္ပာယ်ပြည့်ဝသော လူထုအကျိုးပြုလုပ်ငန်းများအဖြစ် မည်သို့ပြောင်းလဲနိုင်ကြောင်းကို သူမက သက်သေပြခဲ့ပါသည်” ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုက “သူမ၏ စံပြုထိုက်သော လုပ်ဆောင်ချက်များသည် စုပေါင်းအားထုတ်မှုဖြင့် ပံ့ပိုးပေးထားသော လူတစ်ဦးချင်းစီ၏ စိတ်အားထက်သန်စွာ ကြိုးပမ်းမှုက အပြုသဘောဆောင်သော အပြောင်းအလဲများကို မည်သို့ဖန်တီးပေးနိုင်ကြောင်းနှင့် ဒေသတွင်း ပိုမိုဘေးကင်းလုံခြုံသော၊ အားလုံးပါဝင်နိုင်သော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အနာဂတ်တစ်ခု တည်ဆောက်ရန် အာဆီယံ၏ ကြိုးပမ်းမှုများတွင် မည်သို့ပါဝင်ကူညီနိုင်ကြောင်းကို သက်သေထူနေပါသည်” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ် အာဆီယံဆုကို လက်ခံရယူရာတွင် ဒေါ်လှလှအောင်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားရာ၌ “ယခုလို အသိအမှတ်ပြု ချီးမြှင့်ပေးတဲ့အတွက် အာဆီယံကို အထူးပဲ ဂုဏ်ယူဝမ်းမြောက်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ အာဆီယံဆု ရရှိခြင်းဟာ ကျွန်မတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တိုင်းတာတဲ့ အစစ်အမှန် စံနှုန်းဟာ ကျွန်မတို့ ဘာတွေအောင်မြင်ခဲ့သလဲ ဆိုတာထက် လူ့အဖွဲ့အစည်းအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုတာကို ပြန်လည်သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။ အသက် ၇၉ နှစ်အရွယ်မှာ အချိန်ဟာ ကျွန်မတို့ရဲ့ အဖိုးအတန်ဆုံး အရင်းအမြစ်ဖြစ်ပြီး အဲဒီအချိန်ကို ဘယ်လိုအသုံးချဖို့ ရွေးချယ်သလဲ ဆိုတာက ကျွန်မတို့ရဲ့ သမိုင်းမှတ်တိုင်ကို သတ်မှတ်ပေးတယ်ဆိုတာကို ကျွန်မ နားလည်သဘောပေါက်လာပါတယ်။ ဘူမိဗေဒပညာရှင်၊ သုတေသီ၊ ပညာရေးဝန်ထမ်းနဲ့ အားလုံးထက် အရေးကြီးဆုံးဖြစ်တဲ့ မိခင်တစ်ဦးအဖြစ် ဖြတ်သန်းခဲ့တဲ့ ဘဝခရီးတစ်လျှောက်လုံးမှာ အသိပညာဟာ လူသားထုအတွက် အကျိုးပြုရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လျှောက်လှမ်းခဲ့ပါတယ်။ ကျွန်မရဲ့ ဘဝခရီးဟာ အခြားသူတွေကိုလည်း မိမိတို့ရဲ့ ရည်မှန်းချက်တွေကို အာဆီယံတစ်ဝန်း ပိုမိုခိုင်မာပြီး ဘေးကင်းလုံခြုံကာ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာစေမယ့် အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲနိုင်ဖို့ စိတ်အားတက်ကြွစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Temasek Foundation ၏ အမှုဆောင်ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် Mr Ng Boon Heong က “၂၀၂၆ ခုနှစ် အာဆီယံဆုရှင်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်လှလှအောင်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ Temasek Foundation အနေနဲ့ ၂၀၁၈ ခုနှစ် အာဆီယံဆု စတင်တည်ထောင်ချိန်ကစပြီး ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အာဆီယံဆုဟာ မိမိတို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ဒေသတွင်း ရေရှည်တည်တံ့တဲ့ အပြုသဘောဆောင် အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးနိုင်တဲ့ ဖြေရှင်းနည်းတွေကို ဖော်ဆောင်ပေးသူတွေကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်လှလှအောင်ရဲ့ စွမ်းဆောင်ချက်တွေဟာ ကျွန်မတို့အားလုံး စုပေါင်းပြီး ပိုမိုသဟဇာတဖြစ်တဲ့၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့၊ အနာဂတ်ကို မျှော်ကြည့်တဲ့ အာဆီယံအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေဖို့ ပါဝင်ကူညီနိုင်တဲ့ စိတ်အားထက်သန်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဆိုင်ရာ စံနမူနာကောင်းတစ်ခုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ Temasek Foundation ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မျိုးဆက်တိုင်းအတွက် လူနေမှုဘဝများကို စိတ်အားတက်ကြွစေခြင်း (Inspiring Lives for Every Generation) နဲ့လည်း အပြည့်အဝ ကိုက်ညီနေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Ayala Foundation ၏ ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင် Mr Antonio G Lambino II ကလည်း “ငလျင်နဲ့ အခြားသဘာဝဘေးအန္တရာယ်တွေဟာ အမြဲတမ်းကြုံတွေ့နေရတဲ့ အမှန်တရားဖြစ်နေတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်လို နိုင်ငံတွေအတွက် ကြိုတင်ပြင်ဆင်မှုဟာ ဘုံဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ ဒေါ်လှလှအောင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ရပ်ရွာလူထုအနေနဲ့ အန္တရာယ်တွေကို ပိုမိုနားလည်သဘောပေါက်ပြီး သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့အတွက် သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရပ်ရွာလူထုနဲ့ ပိုမိုနီးကပ်လာအောင် ဆောင်ရွက်ပေးခြင်းရဲ့ တန်ဖိုးကို ပြသနေပါတယ်။ ဒီလို အရေးကြီးတဲ့ စွမ်းဆောင်ချက်ကို အသိအမှတ်ပြုရာမှာ အာဆီယံဆုကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၁၁ နိုင်ငံဖြစ်သည့် ဘရူနိုင်းဒါရုဆလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေ နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အာဆီယံအသိုက်အဝန်းကို တရားဝင် တည်ထောင်ခဲ့ပြီး အာဆီယံ၏ ဒေသတွင်း ပေါင်းစည်းရေး ကြိုးပမ်းမှုများတွင် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအကြား တိုင်ပင်ဆွေးနွေးခြင်း၊ အများသဘောတူညီချက်ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဟူသော မူဝါဒများအပေါ် အခြေခံ၍ လည်ပတ်လျက်ရှိပါသည်။ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း (APSC)၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) နှင့် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း (ASCC) ဟူသော အသိုက်အဝန်း မဏ္ဍိုင်ကြီး (၃) ရပ်မှတစ်ဆင့် အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ စီးပွားရေးပေါင်းစည်းမှုနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ပြည်သူကိုဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ဖော်ဆောင်လျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အခြေစိုက်သော အာဆီယံအတွင်းရေးမှူးချုပ်ရုံးသည် အာဆီယံ၏ မူဝါဒများ၊ အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

Temasek Foundation သည် စင်ကာပူနိုင်ငံနှင့် အာရှဒေသတွင်းရှိ လူနေမှုဘဝများနှင့် လူ့အဖွဲ့အစည်းများကို မြှင့်တင်ပေးသည့် အစီအစဉ်အမျိုးမျိုးကို ပံ့ပိုးကူညီလျက်ရှိပါသည်။ Temasek Foundation ၏ အစီအစဉ်များကို Temasek မှ ပေးအပ်လှူဒါန်းသော ပရဟိတ ရန်ပုံငွေများအပြင် အခြားအလှူရှင်များ၏ လှူဒါန်းငွေများနှင့် ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆိုပါအစီအစဉ်များသည် ယခုမျက်မှောက်ကာလနှင့် နောင်လာမည့် မျိုးဆက်များအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအပေါ် အပြုသဘောဆောင်သော ရလဒ်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ခြုံငုံကြည့်လျှင် Temasek Foundation ၏ အစီအစဉ်များသည် လူမှုရေး ကြံ့ကြံ့ခံနိုင်စွမ်းကို အားကောင်းစေခြင်း၊ နိုင်ငံတကာ ဖလှယ်မှုများကို မြှင့်တင်ပေးပြီး ဒေသတွင်း စွမ်းဆောင်ရည်များကို တွန်းအားပေးခြင်း၊ သိပ္ပံပညာရပ်ကို မြှင့်တင်ခြင်းနှင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။ အသေးစိတ်အချက်အလက်များကို www.temasekfoundation.org.sg တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Ayala ကုမ္ပဏီအုပ်စု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လက်ရုံးတစ်ခုဖြစ်သော Ayala Foundation သည် ဖိလစ်ပိုင်နိုင်ငံတွင် ဘုံသာယာဝပြောရေးဆီသို့ ဦးတည်သည့် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းများ တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားပါသည်။

Ayala Foundation သည် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး (Community Development)၊ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး (Leadership Development) နှင့် အနုပညာနှင့် ယဉ်ကျေးမှု (Arts and Culture) ဟူသော မဏ္ဍိုင်များအောက်တွင် အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိပါသည်။ အဆိုပါ မဏ္ဍိုင်များကို ပံ့ပိုးရန်အတွက် ဖောင်ဒေးရှင်းသည် Ayala Group ဝန်ထမ်း ၆၀,၀၀၀ ကျော်နှင့် ၎င်း၏ မိတ်ဖက်များအား အဓိပ္ပာယ်ပြည့်ဝသော လူမှုရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေမည့် လုပ်ငန်းခွင်နိုင်ငံသားကောင်းပီသမှုနှင့် စေတနာ့ဝန်ထမ်း ပလက်ဖောင်းတစ်ခုကို ဖွင့်လှစ်လုပ်ဆောင်နေပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအမံများမှတစ်ဆင့် ရပ်ရွာကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးလျက်ရှိပါသည်။ ထို့အပြင် ဖောင်ဒေးရှင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ပညာသင်ကြားရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ရှေးဦးကလေးသူငယ်ဘဝ ပညာရေးနှင့် ဒစ်ဂျစ်တယ်ပညာရေးတို့တွင်လည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါသည်။


#ASEAN

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)