
သန်လျင် ၊ နိုဝင်ဘာ ၂၁
ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတတိုးပွားစေရန်၊ မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေအနှစ်များအပေါ် စိတ်ဝင်စားလေ့လာတတ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမ (၄) ဦးနှင့်အတူ ယနေ့နံနက်ပိုင်းက အမျိုးသားပြတိုက် (ရန်ကုန်) သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။
အဆိုပါလေ့လာရေးခရီးစဉ်တွင် အမျိုးသားပြတိုက် (ရန်ကုန်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေးက ကျောင်းသား၊ ကျောင်းသူများအား ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့သမိုင်းကြောင်းဆိုင်ရာ အထောက်အထားပစ္စည်းများ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ တိုင်းရင်းသားပစ္စည်းများ၊ ရှေးခေတ်မှူးမတ်တို့၏ ဝတ်စုံများ၊ ရှေးဟောင်းပုရပိုက် စာချွန်တော်နှင့် တံဆိပ်တုံးများ၊ ပြဿဒ်ယဉ်၊ သလွန်၊ ညောင်စောင်း စသည့် ထီးနန်းအသုံးအဆောင်အယောင်များ၊ ရှေးဟောင်းဒင်္ဂါးများ၊ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးခေတ်မြန်မာဘုရင်များ၏ အသုံးအဆောင်ပစ္စည်းများ မပျောက်ပျက်အောင်ထိန်းသိမ်းထားရှိမှုအကြောင်းကို စိတ်ဝင်စားဖွယ်စီကာပတ်ကုံး ရှင်းလင်းပြသခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းပစ္စည်းများ၊ အနုပညာလက်ရာများနှင့် သမိုင်းဝင်အမွေအနှစ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ယခုကဲ့သို့ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ခန်းအတွင်း သင်ယူလေ့လာထားသည့် အသိပညာများကို လက်တွေ့မြင်တွေ့ခွင့်ရရှိစေပြီး မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းလိုသည့် အသိစိတ်ဓာတ်များ တိုးပွားလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment