အီဂျစ်နိုင်ငံ ဂီဇာမြို့တွင် ရထားတိုက်မှုဖြစ်ပွား၊ လူ ၄ ဦးသေဆုံးပြီး ၈၈ ဦး ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီဂျစ်နိုင်ငံ ဂီဇာမြို့တွင် ရထားတိုက်မှုဖြစ်ပွား၊ လူ ၄ ဦးသေဆုံးပြီး ၈၈ ဦး ဒဏ်ရာရရှိ


ကိုင်ရို၊ နိုဝင်ဘာ ၈

အီဂျစ်နိုင်ငံ မြို့တော်၏ တောင်ဘက်တွင် တနင်္ဂနွေနေ့က ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ ရထားတွဲအများအပြား လမ်းချော်သွားခဲ့ပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဂီဇာမြို့မှ ဖရွန်းမြို့သို့ ဦးတည်မောင်းနှင်လာသော ရထားတစ်စင်းသည် ကိုင်ရိုမြို့မှ အက်စွမ်မြို့သို့  ဦးတည်မောင်းနှင်လာသော အခြားရထားတစ်စင်း၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အီဂျစ် မီးရထားဌာနက ပြောကြားသည်။

ကနဦး စာရင်းများအရ ခရီးသည် ၄ ဦး သေဆုံးခဲ့ပြီး၊ အခြား ဒဏ်ရာရ ၈၈ ဦးမှာ ဂီဇာဒေသတစ်ဝိုက်ရှိ ဆေးရုံများတွင် ကုသမှုခံယူလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အစိုးရပိုင် မီဒီယာများကမူ ဒဏ်ရာရရှိသူ ၁၂၀ ဦးခန့် ရှိသည်ဟု အစောပိုင်းက ဖော်ပြခဲ့သော်လည်း ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

သမ္မတ အဗ်ဒယ် ဖာတာ အယ်လ်-စီစီ က ဤမတော်တဆမှုနှင့် ပတ်သက်၍ "အလွန်စိုးရိမ်ပူပန်မိကြောင်း" ပြောကြားခဲ့ပြီး၊ "ပေါ့ဆမှုရှိကြောင်း တွေ့ရှိရသူ မည်သူ့ကိုမဆို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်" အရေးပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဆိုသည်။

မတော်တဆမှုကြောင့် ပျက်စီးသွားသော အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အီဂျစ်နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မီးရထားမတော်တဆမှု ဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်သော ဂီဇာ ဒေသ၊ အယ်လ်-အာယတ် (Al-Ayyat) တွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

၂၀၀၂ ခုနှစ်က ကိုင်ရိုမြို့တောင်ဘက်တွင် အားလပ်ရက် ခရီးသွားများကို တင်ဆောင်လာသည့် မီးရထားတစ်စင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၇၀ ကျော် သေဆုံးခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင်လည်း ထိုဒေသ၌ပင် မီးရထားတိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရသည်။

လူဦးရေ သန်း ၁၁၀ ရှိသော အီဂျစ်နိုင်ငံသည် မီးရထားသယ်ယူပို့ဆောင်ရေးစနစ်ကို အဓိက အားထားနေရသော်လည်း၊ အာဖရိကတိုက်တွင် အကြီးဆုံး မီးရထားကွန်ရက်များထဲမှ တစ်ခုဖြစ်သည့် ၎င်းစနစ်တွင် လူသေဆုံးမှုများ ဖြစ်စေသည့် မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အီဂျစ်နိုင်ငံသည် ၎င်း၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ (လမ်းမကြီးသစ်များနှင့် အမြန်ရထားလမ်းများ အပါအဝင်) ကို အဆင့်မြှင့်တင်ရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း၊ ဟောင်းနွမ်းနေပြီဖြစ်သည့် မီးရထားကွန်ရက် အများစုကိုမူ ပြည့်စုံကောင်းမွန်အောင် ပြုပြင်မွမ်းမံနိုင်ခြင်း မရှိသေးပေ။


Ref - GMA

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)