နိုဝင်ဘာ - ၁၆ ( တနင်္လာနေ့ )
စပိန်နိုင်ငံရဲ့ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဟာ တစ်တော့ခ် လူမှုကွန်ရက် ပလက်ဖောင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ အစိုးရရှေ့နေတွေထံ တောင်းဆိုလိုက်ပါတယ်။ အကြောင်းရင်းကတော့ တစ်တော့ခ် ပေါ်မှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားထားတဲ့ ဗီဒီယိုထောင်ပေါင်းများစွာနဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သံသယရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ အကြောင်းအရာတွေကို တွေ့ရှိခဲ့ရတာကြောင့် ဖြစ်တယ်လို့ အယ်လ်ပိုင် သတင်းစာက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
တစ်တော့ခ် ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်စ် အပါအဝင် အခြားလူမှုကွန်ရက်ကုမ္ပဏီကြီးတွေဟာလည်း ကမ္ဘာတစ်ဝန်းမှာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိအားတွေအပြင် တရားစွဲဆိုမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ အဲဒီကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စနစ်တကျ မကာကွယ်နိုင်တာ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနဲ့ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကနေ ကာကွယ်ပေးဖို့ ပျက်ကွက်တာတွေ ကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် သုံးစွဲသူတွေကို အွန်လိုင်းပေါ်မှာ အချိန်ကြာကြာ ရှိနေစေဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက် တွေကို အသုံးပြုနေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့် လူမှုကွန်ရက်အသုံးပြုမှုကို စွဲလမ်းလာတာ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ အခုလို စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပလက်ဖောင်းတွေထဲမှာ ဖေ့စ်ဘုတ် ၊ အင်စတာဂရမ် ၊ ယူကျူ့ ၊ စနပ်ချက်ပ် နဲ့ တစ်တော့ခ် တို့လည်း ပါဝင်ပါတယ်။
အယ်လ်ပိုင် သတင်းစာရဲ့ ဖော်ပြချက်အရ စပိန်နိုင်ငံ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး က အခုလို ကလေးသူငယ်တွေအပေါ် အနိုင်ကျင့်စော်ကားမှုတွေ ဖြစ်ပွားနေတဲ့ သတင်းတွေကြောင့် စပိန်နိုင်ငံအတွင်း တစ်တော့ လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းဖို့ အစိုးရက စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သူက တစ်တော့ခ် အနေနဲ့ အရေးပေါ်လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်း မလုပ်ဆောင်ဘူးဆိုရင် အစိုးရအနေနဲ့ အဲဒီ အက်ပ် ကို စပိန်နိုင်ငံအတွင်း လုံးဝပိတ်ပင်နိုင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။
REF: RT
#Myanmar #News


No comments:
Post a Comment