ပဲခူး၊ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ (၄၈) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းတို့ကို ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝရရှိစေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လာရောက်ပြသကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစစ်ဆေးပေးခြင်းအပြင် တစ်ဦးလျှင် တစ်လစာလိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက်ပိုင်း ကျန်းမာပျော်ရွှင်၍ အသက်ရှည်စွာ နေထိုင်နိုင်စေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ ပြည်သူ့ဆေးရုံကြီးများတွင် လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံစားကုန်များကိုလည်း သက်ဆိုင်ရာဆေးရုံများ၌ သက်သာသောနှုန်းထားဖြင့် တစ်ပါတည်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်
#Myanmar #News



No comments:
Post a Comment