မန္တလေး ၊ နိုဝင်ဘာ ၂၁
အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ အာကာသသိပ္ပံနှင့်နည်းပညာအပေါ် စိတ်ဝင်စားမှုမြှင့်တင်ပေးနိုင်ရေးနှင့် အနုပညာဖန်တီးမှုများမှတစ်ဆင့် စိတ်ကူးဉာဏ်ပညာများထုတ်ဖော်ပြသနိုင်ရေးတို့အတွက်ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ကြီးမှူးကာ တိုင်းဒေသကြီးအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ (အခြေခံပညာအဆင့်)ကို မန္တလေးမြို့၊ ရတနာပုံခန်းမ၌ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင်အခြေခံပညာ မူလတန်းအဆင့်မှ “အာကာသအိမ်မက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်မှ “လူသားနှင့်အနာဂတ်အာကာသ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အထက်တန်းအဆင့်မှ “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အခြေခံပညာ မူလတန်းအဆင့်တွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိယဆု ကျပ်သုံးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်နှစ်သိန်းစီဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပထမဆု ကျပ်ခုနှစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သိန်း၊ တတိယဆု ကျပ်ငါးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် ပထမဆု ကျပ်တစ်ဆယ်သိန်း၊ ဒုတိယဆု ကျပ်ကိုးသိန်း၊ တတိယဆု ကျပ်ရှစ်သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းကျပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။အာကာသဆိုင်ရာနည်းပညာများနှင့်ပတ်သက်သည့် တင်ဆက်မှုများနှင့် ပြခန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ မန္တလေးမြို့၊ ရတနာပုံခန်းမ၌ ခင်းကျင်းပြသထားမည်ဖြစ်ပြီး ကျောင်းသား လူငယ်များနှင့် အနယ်နယ်အရပ်ရပ်မှ အများပြည်သူများ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
ချမ်းမြေ့မောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment