ချမ်းအေးသာစံ ၊ နိုဝင်ဘာ ၂၈
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်း လမ်းညွှန်ချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်က ဆွေးနွေးပွဲသင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က စာမေးပွဲဆိုင်ရာလုပ်ငန်းများအပေါ် ဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးမြင့်ကျော်က စာစစ်ဌာနလျာထားသတ်မှတ်ခြင်း၊ ကြီးကြပ်ရေးမှူးများခန့်ထားခြင်း၊ ဝင်ခွင့်ကတ်ပြားနှင့် မေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက စာမေးပွဲကာလမေးခွန်းလွှာ၊ အဖြေလွှာနှင့် စာမေးပွဲလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ စာမေးပွဲအခန်းဝင်ထွက်ခွင့်နှင့် မသမာမှုဆိုင်ရာ လိုက်နာရန်လုပ်ငန်းများ၊ အဖြေလွှာသိမ်းဆည်းထုတ်ပိုးခြင်းလုပ်ငန်းများ ရှင်းလင်းပြီး ညွန်ကြားရေးမှူး ဒေါက်တာငြိမ်းဝေက DME Exam Management System အကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းကာလကို နိုဝင်ဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၃၁၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment