တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တွေ့ဆုံဆွေးနွေး


ပေကျင်း၊ နိုဝင်ဘာ ၅ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးတို့ နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် အေးအတူပူအမျှ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများ ဖြစ်သကဲ့သို့ အပြန်အလှန်ဖေးမကူညီသည့် အေးအတူပူအမျှ အသိုက်အဝန်းလည်းဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အလည်အပတ်လာရောက်ခဲ့သည့် သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ အရေးကြီးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ နှစ်ဖက်အနေဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်ရန် တစ်ပြေးညီ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်ရင်ကြားစေ့မှု ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံအစိုးရက အခြေအနေ တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ခြင်းများကို ထောက်ခံအားပေးလျက် အစဉ်အမြဲ မြန်မာနိုင်ငံ၏ ယုံကြည်အားထားထိုက်သော မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူကြိုးပမ်း၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးသွားလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို စီမံခန့်ခွဲပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စသည့် အရေးကြီးစီမံကိန်းများကို တည်ငြိမ်စွာ တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်အရင်းအမြစ် စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအား တိုက်ဖျက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်၍ မြဝတီဒေသ၌ ရှုပ်ထွေးမှုအခြေအနေ ထပ်မံဖြစ်ပွားခြင်းကို တားဆီးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ကျကျ အစီအမံများ လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဦးအောင်ကျော်ဟိုးက မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ ရပ်ကို အရင်းခံ၍ မြန်မာ-တရုတ် အစဉ်အလာကောင်းသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်လျက်ရှိသလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း အစဉ်အမြဲ စောင့်ထိန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာသေးမီက တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာလာရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးမြှင့်တင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် ပေးအပ်ခဲ့သည့်အကူအညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လက်တွဲ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ စီမံကိန်းများကို အရှိန်မြှင့်၍ အကောင်အထည်ဖော်ကာ နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု အဆင့်ကို အဆက်မပြတ် မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဒေသတွင်းနိုင်ငံများနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများလည်း မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတည်ထောင်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာအခမ်းအနားများတွင် မြန်မာနိုင်ငံအတွက် တရားမျှတမှုကို လက်ကိုင်ထားပေးခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စေရန် တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ 


(Xinhua)

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)