ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၁၀၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၁၀၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ


ရန်ကုန်၊ နိုဝင်ဘာ ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်ခြင်းများအား တားဆီးကာကွယ်ခြင်းနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်လုပ်ကိုင်နေသူ ၁၀၅ ဦး အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် မစိုးရိမ်ကျောင်းလမ်း အမှတ် (၁၉-A) နေအိမ်အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ကျန်ယွီထုံးအပါအဝင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီးရှစ်ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့အား ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ wifi စက်ငါးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အဆိုပါရပ်ကွက်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် မစိုးရိမ်ကျောင်းလမ်းအိမ်အမှတ် (၄၃/၁) ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ တစ်လုံးနှင့်လက်ကိုင်ဖုန်းမျိုးစုံ ၁၂၁ လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ကိုင်သူများသည် ၂၀၂၆ ခုနှစ် မေလခန့်မှစ၍ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် မစိုးရိမ်ကျောင်းလမ်းအိမ်အမှတ် (၁၉/A) တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းအား စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံသုံး Application များအားအသုံးပြု၍ ငွေကြေးလိမ်လည်ခဲ့ပြီး လစာအနေဖြင့် ယွမ် ၅၀၀၀ ခန့်ရရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူများခေါ်ယူရာတွင် Telegram မှတစ်ဆင့် တရုတ်စကားပြောနိုင်သူများကိုရွေးချယ်ပြီး နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီအထိ အလုပ်လုပ်ကိုင်ကြကြောင်း၊ လုပ်ငန်းတာဝန်ခွဲဝေမှုအနေဖြင့် ငွေကြေးလိမ်လည်ရေးအဖွဲ့၊ အဆောက်အအုံစောင့်ရှောက်ရေးအဖွဲ့၊ အစားအသောက်ပစ္စည်းပေးအပ်ရေးအဖွဲ့နှင့် ထမင်းချက်အဖွဲ့ စသည်ဖြင့် လေးဖွဲ့ထားရှိပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်ခြင်းများပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)