ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) မသိုးရွှေကြာသင်္ကန်းများကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
နံနက် (၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်ပြိုင်ပွဲ၌ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်းမှ စတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် မသိုးရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့် လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များက အာရုံခံ တန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရား တို့အား မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် နံနက် (၅)နာရီတွင် ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများက ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများကပ်လှူပူဇော်ကြသည်။
နံနက် (၅)နာရီ (၃၀)မိနစ်အချိန်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အာရုံဆွမ်းဆက်ကပ်လှူဒါန်းပါသည်။
ယင်းနောက် နံနက် (၆)နာရီတွင် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ပါဠိပါရဂူ၊စေတိယင်္ဂဏပဝရသီရိမဟာဓမ္မဂုရု၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်ဇေယျလင်းက ဇေယမင်္ဂလာမင်္ဂလာစာတမ်းလွှာအားဖတ်ကြားလျှောက်ထားပြီး ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသီရိမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းလောင်း အမျှ ပေးဝေကြပါသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။
#ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
#Myanmar #News















No comments:
Post a Comment