ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်











နေပြည်တော်၊ နိုင်ဝင်ဘာ ၆ 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်း ကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိရာ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင် နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၆ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၈၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၁၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ် ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့် ယာဉ် ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅ လုံး၊ စုစုပေါင်း အဆောက်အအုံ ၉ လုံး တို့ကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး အတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)