အစ္စလာမ်အစွန်းရောက်တွေနဲ့ ဘယ်တော့မှ အပစ်မရပ်ဘူးလို့ နိုင်ဂျီးရီးယား စစ်တပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စလာမ်အစွန်းရောက်တွေနဲ့ ဘယ်တော့မှ အပစ်မရပ်ဘူးလို့ နိုင်ဂျီးရီးယား စစ်တပ်ပြော


နိုဝင်ဘာ - ၈ ( တနင်္ဂနွေနေ့ ) 

နိုင်ဂျီးရီးယားစစ်တပ်က ဘိုကိုဟာရမ် နဲ့ အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကပြည်နယ် (ISWAP) အဖွဲ့တို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဆိုတာ လုံးဝမရှိဘူးလို့ ငြင်းဆိုလိုက်ပြီး၊ အာဖရိကရဲ့ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားက ဂျီဟတ်လက်နက်ကိုင်အဖွဲ့တွေအပေါ် ဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။

ဒီကြေညာချက်ဟာ အရှေ့မြောက်ပိုင်း ဗိုနိုပြည်နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အရပ်သား ရာပေါင်းများစွာကို ပြန်လည်လွတ်မြောက်လာစေဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အီဘရာဟင် ဘာကူရာ ဒိုရို ဦးဆောင်တဲ့ ဘိုကိုဟာရမ် အုပ်စုခွဲတစ်ခုနဲ့ အစိုးရက ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

"အပစ်အခတ်ရပ်စဲရေးဆိုတာမျိုး လုံးဝမရှိဘူးဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ စစ်ဆင်ရေးတွေတစ်လျှောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ရင် ကျနော်တို့အနေနဲ့ အလျှော့ပေးသွားမှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်" လို့ နိုင်ဂျီးရီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိ ဗိုလ်ချုပ်ကြီး ဆာမိုင်လာ ဥဘာ က ကြာသပတေးနေ့က အဘူဂျာမြို့မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဗိုနိုပြည်နယ် နဂိုရှီ မြို့ကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အရပ်သား ၃၆၀ ကို ပြန်လည်လွတ်မြောက်စေခဲ့တဲ့ ဆွေးနွေးမှုတွေအပြီး ဇွန်လကတည်းက အဆိုပါ သဘောတူညီချက် ရှိခဲ့တယ်လို့ လူ့အခွင့်အရေးသစ် သတင်းဌာနက စက်တင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ နိုင်းရာ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇ သန်း) ပေးချေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အဘူဂျာအစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ ၂၀၀၉ ခုနှစ်ကတည်းက ဘိုကိုဟာရမ် သူပုန်ထကြွမှုကို တိုက်ထုတ်ခဲ့ရတာဖြစ်ပြီး၊ အဲဒီအုပ်စုဟာ အစိုးရကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ အစ္စလာမ္မစ် အုပ်ချုပ်ရေးစနစ်ကို ပြဌာန်းဖို့ ရည်ရွယ်ပြီး လက်နက်ကိုင် အရေးတော်ပုံကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်တွေဟာ ၂၀၁၄ ခုနှစ်မှာ ဗိုနိုပြည်နယ်၊ ချီဘုတ် မြို့က ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲခဲ့ပြီးနောက်ပိုင်း တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ISWAP အဖွဲ့ကတော့ ၂၀၁၄ခုနှစ်မှာ ဘိုကိုဟာရမ်ကနေ ခွဲထွက်လာခဲ့ပြီး အဲဒီနောက်ပိုင်းကစလို့ အရှေ့မြောက်ပိုင်းက စစ်ဘက်ဆိုင်ရာ နေရာတွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာတော့ လေကြောင်းအထောက်အပံ့ ရယူထားတဲ့ အစိုးရတပ်ဖွဲ့တွေဟာ ဗိုနိုနဲ့ အိမ်နီးချင်း ယိုဘီ  ပြည်နယ်တွေက စစ်ဘက်ဆိုင်ရာ နေရာတွေအပေါ် တိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့ပြီး  အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား ၄၈ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်သားတစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


Ref: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)