ပြင်သစ်က နံရံကို ခေါင်းနဲ့ ပြေးဆောင့်နေသလို ဖြစ်နေတယ် လို့ ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်က နံရံကို ခေါင်းနဲ့ ပြေးဆောင့်နေသလို ဖြစ်နေတယ် လို့ ပြောပြီ


နိုဝင်ဘာ - ၃ ( အင်္ဂါနေ့ ) 

ပြင်သစ်နိုင်ငံအနေနဲ့ ဘတ်ဂျက်လိုငွေပြမှုကို ထိန်းချုပ်နိုင်ခြင်း မရှိဘူးဆိုရင်တော့ "နံရံကို ခေါင်းနဲ့ ပြေးဆောင့်တဲ့ ပုံစံမျိုး ဖြစ်သွားနေရလိမ့်မယ်" လို့ ဘဏ္ဍာရေးဝန်ကြီး ရိုလန်း လက်စကျူ က သတိပေးလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ကျုံ့လာတာနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းလည်း ပိုပြီး မြင့်တက်လာလို့ ဖြစ်ပါတယ်။

နိုင်ငံတော် စာရင်းအင်းအေဂျင်စီရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ ဂျီဒီပီ (GDP) လို့ခေါ်တဲ့ တိုင်းပြည် ထွက်ကုန်ပစ္စည်း တန်ဖိုးစုစုပေါင်းဟာ တတိယသုံးလပတ်မှာ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သုံးလပတ်က တန့်နေခဲ့တာနဲ့ နှစ်ဆန်းပိုင်းတုန်းက ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ကလည်း စက်တင်ဘာလမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိရာကနေ အောက်တိုဘာလမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်စကျူက ပြင်သစ်စီးပွားရေးဟာ "ရပ်တန့်နေတဲ့ အနေအားဖြင့်" ရှိနေတယ်လို့ ဆိုခဲ့ပြီး သမ္မတ မက်ခရွန်ရဲ့ အစိုးရအနေနဲ့ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပိုကြီးမားလာတာ ကို ထင်ဟပ်ပြနေပါတယ်။ စီးပွားရေးကျဆင်းမှုက အဓိကဏ္ဍတွေအထိပါ ပျံ့နှံ့သွားခဲ့ပါတယ်။ ပြည်ပလေကြောင်းနှင့် အာကာသဆိုင်ရာလုပ်ငန်း ရောင်းအားတွေ ကျဆင်းတာကြောင့် ပို့ကုန်တွေ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေကလည်း ၀ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှု ပမာဏလည်း ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မော်တော်ကား ထုတ်လုပ်မှုကတော့ လေးလပတ်ဆက်တိုက် ကျုံ့ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ဂျီဒီပီ (GDP) ရဲ့ ၁၁၉ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အများပြည်သူဆိုင်ရာ ကြွေးမြီတွေနဲ့ သိသာထင်ရှားတဲ့ ဘတ်ဂျက်လိုငွေပြမှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ သောကြာနေ့က ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေအပြီးမှာတော့ အစိုးရရဲ့ ချေးငွေရယူစရိတ်တွေ မြင့်တက်လာခဲ့ပြီး ဆယ်နှစ်သက်တမ်းရှိ အစိုးရနှောင်ကြိုးစာချုပ် ဘွန်းတွေရဲ့ အမြတ်အစွန်းနှုန်းထားတွေဟာ ၅ ရာခိုင်နှုန်းအနီးကို ရောက်ရှိလာတာကြောင့် နိုင်ငံရဲ့ ကြွေးမြီတွေကို ပြန်ဆပ်ရမယ့် စရိတ်စကနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။

စီးပွားရေးအလားအလာ ပိုမိုဆိုးရွားလာတာက သမ္မတ မက်ခရွန်အပေါ် ဖိအားတွေကို ပိုများလာစေခဲ့ပြီး သူ့ရဲ့အစိုးရဟာ စစ်ရေးအသုံးစရိတ်နဲ့ ကိယက်ဗ်မြို့ဆီ လက်နက်ပို့ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင် နေသလို တစ်ဖက်မှာလည်း အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။ ပြင်သစ်နိုင်ငံဟာ ကြွေးမြီတွေ တိုးလာနေပေမဲ့လည်း ၂၀၂၆ ခုနှစ် စစ်ရေးဘတ်ဂျက်ကို ယူရို ၆ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ) အထိ တိုးမြှင့်ခဲ့ပါတယ်။

အစိုးရရဲ့ ငွေကြေးကျပ်တည်းမှုဆိုင်ရာ မူဝါဒတွေကြောင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ စက်တင်ဘာလက ပါရီမြို့အနီးက အထက်တန်းကျောင်း တစ်ကျောင်းမှာ ဝန်ထမ်းရှားပါးမှုနဲ့ အခြေအနေဆိုးရွားလာမှုတွေအပေါ် ဆန္ဒပြရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆန္ဒပွဲတွေက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသားသောင်းနဲ့ချီက ပညာရေးရန်ပုံငွေ ပိုမိုချထားပေးဖို့ တောင်းဆိုခဲ့ကြသလို အာဏာပိုင်တွေအနေနဲ့ ကျောင်းတွေထက် လက်နက်တွေကို ဦးစားပေးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

အဲဒီဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုတွေအထိ ပိုပြီးပြင်းထန်လာခဲ့ပြီး ဆန္ဒပြဖျက်ဆီးသူတွေက ဆိုင်တွေကို ဖောက်ထက်ခိုးယူတာ၊ ယာဉ်တွေကို မီးရှို့တာနဲ့ လီမိုဂက်စ်  မြို့က သမိုင်းဝင်မြို့တော်ခန်းမ ကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။ လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ရာပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲတွေကို မက်ခရွန်ရဲ့ စီးပွားရေးမူဝါဒတွေကို တိုက်ခိုက်ဆန့်ကျင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က အင်္ကျီဝါ ဆန္ဒပြလှုပ်ရှားမှု နဲ့လည်း နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက စနေနေ့မှာ ဆန္ဒပြပွဲအသစ်တွေ လုပ်ဖို့ ထပ်မံခေါ်ဆိုခဲ့ကြတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀,၀၀၀ အထိ အင်အားဖြန့်ကျက်ချထားဖို့ ဖြစ်လာခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး လော်ရန့် နူညက်ဇ် ကလည်း တင်းမာမှုတွေ ထပ်ဖြစ်လာနိုင်ချေ "အလွန်မြင့်မားတယ်" လို့ သတိပေးခဲ့ပါတယ်။

မက်ခရွန်ကတော့ လူနေမှုစရိတ်နဲ့ ဝယ်ယူနိုင်စွမ်း ကျပ်တည်းမှုအကျပ်အတည်းဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှု၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုတွေကြောင့် ဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အနေနဲ့ ဆန္ဒပြမှုနဲ့ အဓိကရုဏ်း ဗီဒီယိုဖိုင်တွေကို ဖြန့်ဝေနေတာကြောင့် "ဒီမိုကရေစီကို ထိခိုက်ပျက်စီးစေတယ်" လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)