ဘာရိန်းနိုင်ငံသည် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံများအား ဘေးကင်းရာသို့ ရှောင်တိမ်းကြရန် တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ ဦးတည်၍ ယီမင် ဟူသီသူပုန်များက ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ကြားဖြတ်ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ပြောကြားခဲ့သည်။
စနေနေ့ နံနက်ပိုင်းက ဟော်မုဇ်ရေလက်ကြား အရှေ့ပိုင်းတွင် ရေမြှုပ်မိုင်းတစ်လုံးနှင့် တိုက်မိပြီးနောက် ရေနံတင်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အီရန်ရေတပ်က ထုတ်ပြန်သည်။
အစ္စရေးဘက်မှ တိုက်ခိုက်မှုများ ပြန်လည်စတင်ရန် ဖိအားပေးနေသော်လည်း တီဟီရန် သို့မဟုတ် ဟူသီတို့ဘက်မှ ရန်စသည့် လုပ်ရပ်များ ထပ်မံမပြုလုပ်ပါက အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ထရမ့်သည် လာမည့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ ပြုလုပ်မည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် အီရန်အရေးကို ဆွေးနွေးဖွယ်ရှိကြောင်း အမေရိကန် အဆင့်မြင့်အရာရှိများကို ကိုးကား၍ ABC News က သတင်းဖော်ပြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
Iran International က စိစစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ ကိန်းဂဏန်းများအရ အောက်တိုဘာလအတွင်း အီရန်၏ ရေနံစိမ်းထုတ်လုပ်မှုသည် စစ်ပွဲမတိုင်မီကထက် ၄၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး တစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၈၆ သန်းသာ ရှိတော့သည်။ ယင်းပမာဏသည် စစ်ပွဲမတိုင်မီက ပြည်တွင်းရေနံချက်စက်ရုံများ သုံးစွဲခဲ့သည့် ပမာဏအောက်သို့ပင် လျော့ကျသွားခြင်း ဖြစ်သည်။
Ref - Iran International
#News #Myanmar

No comments:
Post a Comment