နိုဝင်ဘာ - ၁၇ ( အင်္ဂါနေ့ )
အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဆီယံ (ASEAN) ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို လာရောက်မယ့်အချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ သတင်းတွေအရ ဆန္ဒပြသူ ၃၀၀ နီးပါးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ အမေရိကန်ဦးဆောင်တဲ့ အရေးပါတဲ့ သတ္တုသယံဇာတတွေ ရရှိရေးအစီအစဉ်ကို ဆန့်ကျင်နေကြတာဖြစ်ပြီး အဲဒီအစီအစဉ်ဟာ ကိုလိုနီခေတ်ပုံစံ လွှမ်းမိုးချုပ်ကိုင်မှုအသစ် တစ်မျိုးဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ အမေရိကန်ဟာ ဖိလစ်ပိုင်နိုင်ငံအပေါ် ပိုမိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း စွပ်စွဲထားကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၁၈၉၈ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ အမေရိကန်ရဲ့ ကိုလိုနီအဖြစ် ရှိခဲ့ဖူးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
အခုအငြင်းပွားမှုရဲ့ အဓိကအချက်ကတော့ ပက်ဆီလီကာ အစီအစဉ်အောက်မှာရှိတဲ့ နယူကလက်စီတီး နည်းပညာဆိုင်ရာ အကြီးစားစက်မှုဇုန်ကြီး တည်ဆောက်မယ့် ကိစ္စကြောင့် ဖြစ်ပါတယ်။ ဒီ ပက်ဆီလီကာ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ ဆီမီးကွန်ဒတ်တာ လုပ်ငန်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုသယံဇာတတွေကို လုံလုံခြုံခြုံနဲ့ ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့လည်း ရည်ရွယ်ထားတာပါ။
ဖိလစ်ပိုင်နိုင်ငံက ဒီအစီအစဉ်ထဲကို ပြီးခဲ့တဲ့ ဧပြီလမှာ ပါဝင်လာပြီးနောက်ပိုင်း လူမျိုးစုဌာနေ တိုင်းရင်းသားတွေနဲ့ တောင်သူလယ်သမားတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ ကျောင်းသားတွေက စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြလာခဲ့ကြပါတယ်။
အဲဒီစီမံကိန်းအတွက် လူဇွန်ကျွန်း ပေါ်က အမေရိကန်စစ်အခြေစိုက်စခန်းဟောင်းတစ်ခုအနီးမှာ မြေဧက ၄,၀၀၀ အကျယ်အဝန်းရှိတဲ့ စက်မှုဇုန်ကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ သဘာဝသယံဇာတနဲ့ ရေအရင်းအမြစ်တွေ ထိခိုက်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။
ဘာကြောင့်လဲဆိုတော့ စီမံကိန်းကြီး လည်ပတ်ဖို့အတွက် တစ်ရက်ကို ရေ လီတာသန်း ၉၀ အထိနဲ့ လျှပ်စစ်ဓာတ်အား ၃ ဂစ်ဂါဝပ်အထိ လိုအပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံ အေယာတာ တိုင်းရင်းသား ရာနဲ့ချီဟာလည်း နေရပ်စွန့်ခွာရတဲ့ အခြေအနေမျိုး ကြုံတွေ့လာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။
တနင်္လာနေ့မှာ ဆန္ဒပြသူတွေဟာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပရာနေရာဘက်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကိုင်ဆောင်လာတဲ့ ဆိုင်းဘုတ်တွေမှာတော့ “ထရမ့် ထွက်သွား၊ ဖိလစ်ပိုင်နိုင်ငံဟာ ရောင်းချစရာမဟုတ်ဘူး”၊ “နယ်ချဲ့ဝါဒကို အမြစ်ဖြတ်ကြ” နဲ့ “ဂါဇာကနေ ဖိလစ်ပိုင်အထိ အမေရိကန်နယ်ချဲ့ဝါဒကို ခုခံတော်လှန်ကြ” ဆိုတဲ့ ကြွေးကြော်သံတွေ ပါဝင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဆန္ဒပြပွဲကို အင်အားသုံးပြီး လူစုခွဲခဲ့သလို ဆန္ဒပြသူ ၃၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဆန္ဒပြပွဲစီစဉ်သူတွေကတော့ အာဏာပိုင်တွေရဲ့ အခုလို အင်အားသုံးဖြိုခွင်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာ ၁၉၇၂ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီး အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဖာဒီနန် မားကို့စ် လက်ထက်က သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ နှိုင်းယှဉ်ပြောဆိုခဲ့ကြပါတယ်။
လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ဟာ အရင်သမ္မတဟောင်းရဲ့ သားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့ပါတယ်။ သူ သမ္မတဖြစ်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာအောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အတိုက်အခံ လွှတ်တော်အမတ်တချို့ကလည်း ပြည်သူတွေရဲ့ နစ်နာချက်တွေနဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ့်အစား သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို အင်အားသုံးပြီး ဖိနှိပ်ဖို့ ကြိုးစားနေတယ် ဆိုပြီး အာဏာပိုင်တွေကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
REF: RT
#Myanmar #News



No comments:
Post a Comment