ကလေး၊ နိုဝင်ဘာ ၆
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အကြမ်းဖက်သောင်း ကျန်းသူများ၏ ယာယီထိန်းချုပ်ထားသည့်မြို့များကို တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများ၏လက်ချက်ကြောင့် ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းထားသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်တည်ဆောက်ရေးကော်မတီက အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာသင်ကျောင်း၊ ဆေးရုံ စသည့် အစိုးရပိုင်အဆောက်အဦများ၊ သာသနာပိုင် အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများ စသည်ဖြင့် ဦးစားပေးအလိုက် ဆောင်ရွက်ရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နဂိုမူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်တည်ဆောက်၍ တစ်ဖက်တွင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ရန်မှာ နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ရောက်ရှိလာသော နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့်အဖွဲ့အား ကြိုဆိုကြောင်းနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်းဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းကြောင့် ဖလမ်းမြို့သို့ ယမန်နေ့ကရောက်ရှိလာပြီး ဟားခါးမြို့သို့ ယနေ့နံနက်ပိုင်း၌ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ယနေ့အထိ ၈၀ ရာခိုင်နှုန်းပြီးစီးပြီး ပြည်သူ (၃၀၀၀) ဦးခန့် ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ထို့အတူ ကလေး−ဖလမ်း−ဟားခါး−ထန်တလန်လမ်းကြောင်းကို လုံခြုံရေးစိုးမိုးထားနိုင်ပြီဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အကောင်းဆုံးနှင့်အထိရောက်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းမှု၊ နိုင်ငံ့ဝန်ထမ်းများနှင့်ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်မှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့်ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးပစ္စည်းများ လက်ခံရရှိမှုနှင့် ဖြန့်ဝေထားရှိမှုအခြေအနေ၊ ဌာနဆိုင်ရာအဆောက်အဦပျက်စီးမှုအခြေအနေ၊ ထပ်မံကွင်းဆင်း စစ်ဆေးတွေ့ရှိချက်အရ တစ်စိတ်တစ်ပိုင်းပြုပြင်ရန် လိုအပ်မှု၊ ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များနှင့်ပတ်သက်၍ ထောက်ပံ့မှုအခြေအနေ၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဆန်၊ ဆီ၊ ဆား၊ ပဲအတွက် ငွေထောက်ပံ့မှု အခြေအနေနှင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ လက်ခံရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြည်နယ်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်းတို့က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#News #Myanmar






No comments:
Post a Comment