ပွင့်ဖြူ ၊ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်း လုပ်ဆောင်လျက်ရှိရာ ယမန်နေ့တွင် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်းရှိ စံပယ်လမ်း၊ ပုန်းညက်လမ်း၊ သန့်စင်လမ်း၊ သရဖီလမ်းနှင့် ဒေါနလမ်းတို့တွင် လမ်းဘေး (ဝဲ၊ ယာ) ရှိ ရေနုတ်မြောင်း အတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ ရေစီးရေလာ ကောင်းမွန်စေရေး ဆယ်ယူရှင်းလင်းခြင်း၊ ရေဝပ်သည့်နေရာများတွင် ရေထွက်ပေါက်များ ဆောင်ရွက်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်း သိမ်းဆည်းခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများ မရှိစေရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများက နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် စွန့်ပစ်ပလတ်စတစ် အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း၊ ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ်ပစ္စည်း လျော့ချသုံးစွဲရေး အသိပညာပေးခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )
https://t.me/MyanmarNationalPost

No comments:
Post a Comment