နေပြည်တော်၊ နိုဝင်ဘာ ၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ အတွင်းရှိ သာသနိကအဆောက်အဦများကို ကြည့်ရှုစစ်ဆေးပြီး သမိုင်းဝင်အဆောက်အဦများ ရေရှည်တည်တံ့ရေး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် သမိုင်း မှတ်တမ်းများကို ခေတ်မီနည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းပြသရေးတို့အတွက် လမ်းညွှန် မှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၊ ဗုဒ္ဓပြတိုက်၊ အဂန္တုကျောင်းဆောင်၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတော်၊ မဟာသိမ်တော်ကြီး၊ ပိဋကတ်တိုက်တော်ကြီးနှင့် ပိဋကတ် ပုံနှိပ်တိုက်တို့ကို ကြည့်ရှုစစ်ဆေးစဉ် သာသနိကအဆောက်အဦများ ကြံ့ခိုင်တည်တံ့ရေး၊ သံဃာတော်များ သီတင်းသုံးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေစေရေး၊ ရှေးဟောင်း ပစ္စည်းများနှင့် ပိဋကတ်စာအုပ်များ စနစ်တကျထိန်းသိမ်းရေးတို့ကို မှာကြားခဲ့ပါသည်။
ထို့ပြင် ဗုဒ္ဓဖြစ်တော်စဉ်နှင့် သင်္ဂါယနာတင်သမိုင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ နားလည်သိရှိနိုင်ရေး ပြတိုက်ပြသမှုများ အဆင့်မြှင့်တင်ရန်၊ သမိုင်းမှတ်တမ်း ဓာတ်ပုံများကို မူလအခြေအနေမပျက် ခေတ်မီနည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းရန်၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ခုနှစ်သက္ကရာဇ်များ တိကျပြည့်စုံစွာ ဖော်ပြရန် လမ်းညွှန်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် မဟာသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်းတော်၊ ပန်းနှင့် ရေချမ်း ဆက်ကပ်ပူဇော်ခဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်စာအုပ်များ ပုံနှိပ် ထုတ်ဝေခဲ့သည့် ပိဋကတ်ပုံနှိပ်တိုက်ရှိ ရှေးဟောင်းခဲစာလုံးပုံနှိပ်စက်နှင့် သမိုင်းမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
#News #Myanmar




No comments:
Post a Comment