လွိုင်ကော် ၊ နိုဝင်ဘာ ၂၀
၂၀၂၆ ခုနှစ်၊ (၃၇)နှစ်မြောက် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကလေးငယ်များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ရှေးဦးစွာ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များက “မှုန်ရွှေရည်” သီချင်းဖြင့် အဖွင့်ကပြဖျော်ဖြေခဲ့သည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ် များ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်အခွင့်အရေးကို ကလေးတိုင်း လက်လှမ်းမီ တန်းတူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ကလေးသူငယ်တိုင်း ပျော်ရွှင်လုံခြုံစွာပညာသင်ယူခွင့်၊ ရှင်သန်ကြီးပြင်းခွင့်နှင့် ရသင့်ရထိုက်သည့် အခွင့်အလမ်းများ အားလုံး ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် ၎င်းတို့၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် လူမှုဘဝတွင်ပါဝင်ခွင့် အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်စေရန် မိဘများ၊ ဆရာဆရာမများနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအားလုံး က အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ကလေးသူငယ်တိုင်းအား ဘေးကင်းသော ပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရပြည့်ဝသော လူနေမှုဘဝများ ဖန်တီးပေး နိုင်ရေးအတွက် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားအကောင်အထည် ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၃၇)နှစ်မြောက် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ Video Clip ပြသမှု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများက “လောကအားမာန်” သီချင်း၊ ရှမ်းစုကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများက “ရှမ်းရိုးမက အိုးစည်သံ” သီချင်း၊ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များက “ကောက်စိုက်ချိန်” သီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေခဲ့သည့် လွိုင်ကော်မူလတန်းကြိုကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များအား လည်းကောင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ရှမ်းစုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် လွိုင်ကော်မူလတန်းကြို ကျောင်းမှ ရင်သွေးငယ်များအားလည်းကောင်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ရေပေးဝေရေးလုပ်ငန်းများအတွက် ရေဂါလန် ၁ ဒသမ ၂၅ သန်းဆံ့ Slow Sand Filter ရေစစ်ကန်များ တိုးချဲ့တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရေစစ်ကန် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများအားလုံး သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့များက လုပ်ငန်းစဉ်အဆင့်ဆင့်အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ အဆိုပါ ရေစစ်ကန်များ တည်ဆောက်ပြီးစီးပါက လွိုင်ကော်မြို့နေ ပြည်သူများသို့ နေ့စဉ်ရေဂါလန် ၁၄ သိန်း ပိုမိုပေးဝေဖြန့်ဖြူးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment