မြန်မာသံရုံးနှင့် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး တရုတ်နိုင်ငံအဖွဲ့ရုံးကကျင်းပသည့်အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံးနှင့် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး တရုတ်နိုင်ငံအဖွဲ့ရုံးကကျင်းပသည့်အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြား



ဗီယင်နာ၊ နိုဝင်ဘာ ၇

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၆-၁၁-၂၀၂၆ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်ကိုယ်စားပြုခွင့် ပြန်လည်ရရှိမှု (၅၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Li Song၊ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Monica Juma၊ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi၊ ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) ညွှန်ကြားရေးမှူးချုပ် Mr. Gerd Müller၊ နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့အစည်း (CTBTO) အမှုဆောင် အတွင်းရေးမှူး Mr. Robert Floyd၊ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဥပဒေကော်မရှင် (UNCITRAL) အတွင်းရေးမှူး Ms. Anna Joubin-Bret၊ အာကာသဟင်းလင်းပြင်ဆိုင်ရာ ကုလသမဂ္ဂရုံး (UNOOSA) မှ ကိုယ်စားလှယ်နှင့် ဗီယင်နာမြို့ အခြေစိုက် သံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် အမြဲတမ်းကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်၊ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ်၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့အစည်း အမှုဆောင်အတွင်းရေးမှူးနှင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဥပဒေကော်မရှင် အတွင်းရေးမှူးတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများ ဆွေးနွေးပြောကြားသည့် အစီအစဉ်တွင် မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံသည် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်ကိုယ်စားပြုခွင့် ပြန်လည်ရရှိနိုင်ရေး ဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ (Resolution 2758) ကို ဦးဆောင်တင်သွင်းခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂကို ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံနှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော တရုတ်နိုင်ငံ၏ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်များအတွက် ကြိုးပမ်းအားထုတ်မှုများမှာ ချီးကျူးဖွယ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာ့နိုင်ငံများ အတွက် စံနမူနာကောင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို နိုင်ငံအတွင်း၌ ဆက်လက် လက်ခံထားပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အထောက်အကူပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကောင်းပီသစွာဖြင့် တရားမဝင် မူးယစ် ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုကဲ့သို့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်း များကို အစွမ်းကုန်တိုက်ဖျက်လျက်ရှိကြောင်း၊ အဆိုပါ ကြိုးပမ်းမှုများ ပိုမိုထိရောက်အောင်မြင် စေရေးအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)