ရန်ကုန်၊ နိုဝင်ဘာ ၄
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center)သို့ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာ လူနာငါးဦးအား ခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ရာ လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာ ၂၆ ရက်တွင် ဆေးရုံဆင်းခွင့် ရရှိပြီးဖြစ်သည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီးလူနာငါးဦးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦး၊ လှိုင်မြို့နယ်မှ (၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဟိုပန်မြို့နယ်မှ (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သာကေတမြို့နယ်မှ (၆၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးမြို့နယ်မှ (၅၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ကြသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ဦး နှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ၁၃ ဦး စုစုပေါင်း ၃၈ ဦးကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar



No comments:
Post a Comment